၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတဲ့ အွန်လိုင်းအမုန်းစကား၊ သတင်းမှားနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ မြင့်တက်လာပြီးနောက် ရိုဟင်ဂျာကလေးတွေ တက်ရောက်နေတဲ့ ကျောင်းအနည်းဆုံး ကိုးကျောင်း ပိတ်ခဲ့ရတယ်လို့ Reuters က ဖော်ပြပါတယ်။
အသက် ၁၂ နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေး နူးရ်ဟာ ကျောင်းသွားတဲ့လမ်းမှာ အမျိုးသားနှစ်ဦးရဲ့ ခြိမ်းခြောက်မှုခံခဲ့ရပြီးနောက် ဇွန်လကစပြီး ကျောင်းမတက်ရဲတော့ပါဘူး။
“နင်က ဘာကြောင့် ကျောင်းသွားချင်တာလဲ။ ငါတို့နိုင်ငံကို သိမ်းပိုက်ချင်လို့လား” လို့ အဲဒီအမျိုးသားနှစ်ဦးက မေးမြန်းပြီး ရိုက်နှက်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း နူးရ်က Reuters ကို ပြောပါတယ်။ လုံခြုံရေးစိုးရိမ်ရတာကြောင့် သူ့ရဲ့နာမည်အပြည့်အစုံကို မိသားစုက ထုတ်ဖော်ခွင့်မပြုခဲ့ပါဘူး။
နူးရ်တက်ရောက်နေတဲ့ကျောင်းက ဆရာနဲ့ ကျောင်းတာဝန်ခံတွေဟာ ဒီဖြစ်စဉ်နောက်ပိုင်း လုံခြုံရေးအခြေအနေကြောင့် သင်တန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်နားခဲ့ပြီး အနီးအနားရှိ ရိုဟင်ဂျာကျောင်းနှစ်ကျောင်းလည်း ပိတ်ခဲ့ရပါတယ်။
“ကလေးတွေက အိမ်အပြင်ထွက်ဖို့တောင် ကြောက်နေကြပါတယ်။ ကလေးတယောက်ကို တရက်၊ နှစ်ရက်လောက် အနှောင့်အယှက်ပေးတာမဟုတ်ဘဲ သူတို့ဘဝတလျှောက် သက်ရောက်နိုင်တဲ့ စိတ်ဒဏ်ရာဖြစ်စေတာပါ” လို့ ရိုဟင်ဂျာလူမှုအရေးတက်ကြွလှုပ်ရှားသူ ရှာရီဖာ ရှာကီရာက ပြောပါတယ်။
မလေးရှားနိုင်ငံတဝန်းမှာ ရိုဟင်ဂျာကလေးတွေကို သင်ကြားပေးနေတဲ့ ကျောင်းအနည်းဆုံး ကိုးကျောင်းဟာ လုံခြုံရေးစိုးရိမ်ရတာကြောင့် ကိုယ်တိုင်ပိတ်ခဲ့ရသလို တချို့ကျောင်းတွေကတော့ လူမှုကွန်ရက်ပေါ်က တိုင်ကြားမှုတွေနောက်ပိုင်း လိုင်စင်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာပိုင်တွေရဲ့ ပိတ်သိမ်းခြင်းခံခဲ့ရတာပါ။
မလေးရှားနိုင်ငံက ဒုက္ခသည်အဖြစ် တရားဝင်အသိအမှတ်မပြုတာကြောင့် ရိုဟင်ဂျာတွေအနေနဲ့ တရားဝင်အလုပ်လုပ်ခွင့် မရှိသလို သူတို့ရဲ့ကလေးတွေဟာလည်း အစိုးရကျောင်းတွေမှာ ပညာသင်ယူခွင့်မရပါဘူး။ ဒါကြောင့် အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဖွင့်လှစ်ထားတဲ့ အလွတ်သဘောပညာရေးစင်တာတွေကိုသာ အားကိုးနေကြရပါတယ်။
မလေးရှားမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ထံ စာရင်းသွင်းထားတဲ့ ရိုဟင်ဂျာ ၁၂၀,၀၀၀ ခန့်ရှိပေမယ့် အစိုးရကတော့ သူတို့ကို တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သတ်မှတ်ထားပါတယ်။
မေလအတွင်း ရိုဟင်ဂျာအဖွဲ့တခုရဲ့ အစ္စလာမ်ဘာသာရေးထုံးတမ်းအရ နွားသတ်မှုနဲ့ပတ်သက်တဲ့ သန့်ရှင်းရေးပြဿနာတွေ ထွက်ပေါ်လာပြီးနောက် Facebook၊ Instagram၊ Threads နဲ့ TikTok တို့မှာ ရိုဟင်ဂျာဆန့်ကျင်ရေးအကြောင်းအရာတွေ ပိုမိုပျံ့နှံ့လာခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို မလေးရှားနိုင်ငံကနေ “ဖယ်ရှားပေးဖို့” တောင်းဆိုတဲ့ အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုတခုဟာ လက်မှတ်ငါးသိန်းနီးပါး ရရှိခဲ့ပြီးနောက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ သတိပေးမှုကြောင့် ဇွန်လမှာ ဖယ်ရှားခံခဲ့ရပါတယ်။
UNHCR ကလည်း ရိုဟင်ဂျာတွေနဲ့ တခြားဒုက္ခသည်တွေအပေါ် ပစ်မှတ်ထားတဲ့ အွန်လိုင်းအမုန်းစကား၊ သတင်းမှားနဲ့ လူသားအဖြစ်ကနေ ပုံဖျက်နှိမ့်ချတဲ့ အကြောင်းအရာတွေ မြင့်တက်လာတာကို စိုးရိမ်ကြောင်း ပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Article 19 က အကြောင်းကြားခဲ့တဲ့ ပို့စ်တချို့ကို Meta နဲ့ TikTok တို့က ဖယ်ရှားခဲ့ပေမယ့် ထိခိုက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာအများအပြား အွန်လိုင်းပေါ်မှာ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
Reuters က အကြောင်းကြားခဲ့တဲ့ အကြောင်းအရာတွေထဲက Meta က ၁၀ ခုအနက် ခုနစ်ခုကို ဖယ်ရှားခဲ့ပြီး TikTok ကတော့ ၁၁ ခုအနက် ရှစ်ခုကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ စည်းမျဉ်းအကောင်အထည်ဖော်မှု မညီမျှသလို AI စောင့်ကြည့်စနစ်တွေကလည်း သွယ်ဝိုက်အသုံးအနှုန်းတွေ၊ ရုပ်ပုံတွေနဲ့ ဘာသာစကားဆိုင်ရာကွဲပြားမှုတွေကို တိကျစွာနားလည်ဖို့ အခက်အခဲရှိနေတယ်လို့ Article 19 က ထောက်ပြပါတယ်။
ကျောင်းတွေပိတ်ထားတာ ကြာမြင့်လာရင် ရိုဟင်ဂျာမိန်းကလေးတွေ အရွယ်မတိုင်ခင် အိမ်ထောင်ပြုရမှုနဲ့ ကလေးတွေ လမ်းပေါ်ထွက်တောင်းရမ်းရမှုအပါအဝင် လူမှုရေးပြဿနာတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက သတိပေးပါတယ်။


