၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လူပေါင်း သုံးသိန်းအထိ လုပ်ကိုင်နေပြီး အများအပြားဟာ အလုပ်အကိုင်အတုတွေနဲ့ လှည့်ဖြားခေါ်ဆောင်ခံရကာ ခြိမ်းခြောက်၊ ရိုက်နှက်ပြီး ငွေလိမ်ခိုင်းခံနေရတဲ့ လူကုန်ကူးခံရသူတွေဖြစ်တယ်လို့ နိုင်ငံတကာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က သတိပေးလိုက်ပါတယ်။
ဇူလိုင် ၃၀ ရက်မှာ ကျရောက်မယ့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မတိုင်ခင် “Trapped Behind the Scam” ခေါင်းစဉ်နဲ့ ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်နွှယ်တဲ့ လူကုန်ကူးမှု သိသိသာသာ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
လူကုန်ကူးဂိုဏ်းတွေဟာ လစာကောင်းတဲ့ နိုင်ငံခြားအလုပ်အကိုင်တွေရမယ်လို့ လူမှုကွန်ရက်ပေါ်ကနေ ကြော်ငြာပြီး အင်္ဂလိပ်စကားကျွမ်းကျင်တဲ့ ပညာတတ်လူငယ်တွေအထိ ပစ်မှတ်ထားခေါ်ယူနေပါတယ်။
ကျားဖြန့်ခြံတွေဆီ ရောက်သွားချိန်မှာတော့ နိုင်ငံကူးလက်မှတ်နဲ့ ကိုယ်ရေးအထောက်အထားတွေ သိမ်းဆည်းခံရပြီး အပြင်ထွက်ခွင့်ပိတ်ပင်ကာ အွန်လိုင်းကနေ တခြားသူတွေကို လိမ်လည်ဖို့ အတင်းအကျပ်ခိုင်းစေခံရတယ်လို့ IOM က ဖော်ပြပါတယ်။
ငြင်းဆန်သူတွေကို ရိုက်နှက်တာ၊ ခြိမ်းခြောက်တာ၊ အကြွေးတင်အောင်လုပ်ပြီး ချုပ်ကိုင်တာတွေအပြင် တချို့ဟာ တဦးတည်း သီးခြားပိတ်လှောင်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာတွေအထိ ကြုံတွေ့နေရပါတယ်။
“ကျားဖြန့်ခြံတွေထဲ ပိတ်မိနေသူတွေဟာ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ အတင်းအကျပ်ဖိအားပေးမှုတွေကြောင့် ရာဇဝတ်မှုကျူးလွန်ဖို့ ခိုင်းစေခံနေရတဲ့ လူကုန်ကူးမှုသားကောင်တွေ ဖြစ်ပါတယ်” လို့ IOM ညွှန်ကြားရေးမှူးချုပ် အေမီပုပ်က ပြောပါတယ်။
လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော်က နိုင်ငံသားတွေ ကျားဖြန့်လုပ်ငန်းတွေဆီ လူကုန်ကူးခံထားရပြီး IOM က နိုင်ငံပေါင်း ၃၀ ခန့်က လူကုန်ကူးခံရသူတွေကို ကူညီပေးထားပါတယ်။
၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အတင်းအကျပ် ရာဇဝတ်မှုကျူးလွန်ခိုင်းခံရသူ ၃,၅၀၀ ကျော်ကို IOM က ကူညီပေးခဲ့ပြီး သူတို့ဟာ နိုင်ငံပေါင်း ၄၀ နီးပါးက ဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ကင်ညာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ကယ်ဆယ်ခံရပြီးတဲ့နောက်မှာတောင် သူတို့ အတင်းအကျပ်လုပ်ဆောင်ခဲ့ရတဲ့ အွန်လိုင်းငွေလိမ်မှုတွေအတွက် ရာဇဝတ်သားတွေအဖြစ် သတ်မှတ်ခံရတာနဲ့ တရားစွဲဆိုခံရမယ့် အန္တရာယ်တွေ ရှိနေတယ်လို့ IOM က သတိပေးပါတယ်။
IOM က ထိုင်းအစိုးရအပါအဝင် ကျားဖြန့်လုပ်ငန်းတွေ ဖော်ထုတ်ရေး ပိုမိုပူးပေါင်းလာတဲ့ အစိုးရတွေရဲ့ ဆောင်ရွက်မှုကို အသိအမှတ်ပြုပေမဲ့ ဥပဒေစိုးမိုးမှုအားနည်းတဲ့ အာရှဒေသက ဝေးလံခေါင်သီတဲ့နေရာတွေမှာ လည်ပတ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဖော်ထုတ်နိုင်ဖို့ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အရှေ့အာရှ၊ ဩစတြေးလျနဲ့ နယူးဇီလန်ဒေသတွေမှာ အွန်လိုင်းငွေလိမ်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဆုံးရှုံးငွေ ဒေါ်လာ ၁၁၄ ဘီလီယံအထိ ရှိနိုင်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ခန့်မှန်းထားပါတယ်။
လူကုန်ကူးခံရသူတွေကို ရာဇဝတ်သားအဖြစ် အရေးယူတာမလုပ်ဘဲ အကာအကွယ်ပေးရေး၊ နေရပ်လုံခြုံစွာပြန်နိုင်ရေးနဲ့ လူမှုဘဝထဲ ပြန်လည်ဝင်ဆံ့နိုင်ရေး ကူညီပေးဖို့အပြင် အလုပ်အကိုင်အတုနဲ့ လူကုန်ကူးတဲ့ နည်းလမ်းတွေကို လူထုသိရှိနိုင်ရေး ပညာပေးလုပ်ငန်းတွေ တိုးမြှင့်ဖို့ IOM က တောင်းဆိုထားပါတယ်။


