Homeပြည်တွင်းသတင်းရေကြီးမှုနဲ့ ကုန်စည်ဝင်ရောက်မှုလျော့နည်းတာကြောင့် ဆန်ဈေးတက်၊ အခြေခံလူတန်းစား ပိုကျပ်တည်းလာ

ရေကြီးမှုနဲ့ ကုန်စည်ဝင်ရောက်မှုလျော့နည်းတာကြောင့် ဆန်ဈေးတက်၊ အခြေခံလူတန်းစား ပိုကျပ်တည်းလာ

စက်တင်ဘာ ၂၊ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံ ဒေသအများအပြားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီ၊ စစ်ကိုင်းလို ဆန်စပါးအဓိကထွက်ရှိတဲ့ ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေချိန် ဆန်ဈေးနှုန်းတွေလည်း တက်လာပြီး ဝင်ငွေနည်း အခြေခံလူတန်းစားတွေအတွက် နေ့စဉ်စားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့ ဆန်ရောင်းဝယ်ရေးဈေးကွက်နဲ့ စားသုံးသူတွေဆီက New Day Myanmar က စုံစမ်းသိရပါတယ်။

ဩဂုတ်လအတွင်း ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်ဒေသတချို့မှာ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး လယ်ယာမြေတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်းမှာလည်း မိုးစပါးစိုက်ခင်းတွေ ရေဝင်နစ်မြုပ်ခဲ့ပြီး ဆန်ကုန်သည်တွေက သယ်ယူပို့ဆောင်ရေးအခက်အခဲ၊ ဆန်ဝင်ရောက်မှုလျော့နည်းတာနဲ့ ဝယ်လိုအားတက်လာတာတွေကြောင့် ဆန်ဈေးမြင့်လာတယ်လို့ ပြောထားကြပါတယ်။

ရန်ကုန် ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတဦးကတော့ ဆန်အမျိုးအစားပေါ်မူတည်ပြီး တအိတ်ကို ကျပ် ၁၅,၀၀၀ ဝန်းကျင်အထိ ဈေးတက်လာတာတွေရှိတယ်လို့ New Day Myanmar ကို ပြောပါတယ်။

“အခုက ဆန်တအိတ်ကို ဆန်အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၁၅,၀၀၀ အထိ တက်လာတယ်။ လက်ကျန်ဆန်ကိုတော့ အရင်ဈေးအတိုင်းပဲ ရောင်းပေးပါတယ်။ နောက်ထပ်ရောက်လာမယ့် ဆန်ကတော့ တက်ဈေးအတိုင်း ဖြစ်မှာပေါ့။ အဝယ်ဒိုင်တွေလည်း အလုအယက် ဝယ်လှောင်နေတယ်လို့ ကြားတယ်။ ထပ်တက်လာနိုင်တယ်” လို့ သူက ပြောပါတယ်။

ဩဂုတ်လနှောင်းပိုင်း ဧရာဝတီတိုင်း ဆန်ဈေးကွက်မှာလည်း ပေါ်ဆန်းဆန်တအိတ်ကို ကျပ် ၁၇၅,၀၀၀ ကနေ ၁၈၀,၀၀၀ ဝန်းကျင်အထိ ရှိလာပြီး ဩဂုတ်လလယ်ပိုင်းနဲ့ နှိုင်းယှဉ်ရင် ဆန်အမျိုးအစားပေါ်မူတည်ပြီး တအိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိ တက်လာတယ်လို့ ဒေသတွင်း ဈေးကွက်သတင်းတွေမှာ ဖော်ပြပါတယ်။

ရန်ကုန်ဈေးကွက်အတွင်း New Day Myanmar က စုံစမ်းရရှိတဲ့ ဈေးနှုန်းတွေအရ လူသုံးများတဲ့ ဖျာပုံပေါ်ဆန်း ဆန်ချောတအိတ်ကို ကျပ် ၁၇၅,၀၀၀ ဝန်းကျင်၊ ဆင့်ကြွယ်နဲ့ ရက် ၉၀ လို ဆန်ကြမ်းအမျိုးအစားတွေကို တအိတ် ကျပ် ၁၁၅,၀၀၀ ကနေ ၁၂၀,၀၀၀ ဝန်းကျင်အထိ ရောင်းချနေတာတွေ ရှိပါတယ်။ ဆိုင်နဲ့ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုတော့ ရှိနိုင်ပါတယ်။

အခုလို ဆန်ဈေးတက်လာတာကြောင့် တခါဝယ်ရင် ဆန်ငါးပြည်ဝယ်စားနိုင်ရာကနေ အခု တပြည်ချင်းသာ ဝယ်နိုင်တော့တယ်လို့ မြောက်ဒဂုံမြို့နယ်မှာ ဘေးတွဲမောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတဦးက New Day Myanmar ကို ပြောပါတယ်။

“ဆန်က အရင်ကတည်းက အိတ်လိုက်တောင် မဝယ်နိုင်ဘူး။ အခုတော့ ပိုဆိုးလာတာပေါ့။ တခါဝယ်ရင် ငါးပြည်ဝယ်နေရာကနေ အခု တပြည်စီပဲ ဝယ်စားနိုင်တော့တယ်။ စားနေကျဆန်ကိုလည်း ဆန်ကြမ်းဘက် ပြောင်းစားရတယ်။ တခါတလေ ဆန်အနုနဲ့ အကြမ်း ရောစားရတယ်။ ဟင်းကတော့ ချဉ်ရည်ဟင်းတခွက်၊ ငပိတို့စရာနဲ့ ပြီးတာများပါတယ်” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတဦးကလည်း ဆန်ဈေးမြင့်လာတာနဲ့အမျှ စားနေကျ ဆန်အမျိုးအစားကို လျှော့ချပြီး အိမ်သုံးစရိတ်ကို ချုံ့နေရတယ်လို့ ပြောပါတယ်။

“အရင်က ဖျာပုံပေါ်ဆန်းလို ဆန်မျိုး ဝယ်စားနေတာ။ အခုတော့ ဈေးနည်းနည်းနိမ့်တဲ့ ဆန်ကို ပြောင်းဝယ်ရတယ်။ ဆန်တမျိုးပဲ မပြီးဘူးလေ။ ဟင်းစားအတွက်လည်း ဝယ်ရသေးတော့ အသုံးစရိတ်ကို နည်းနည်းချုံ့ရတာပေါ့” လို့ သူက New Day Myanmar ကို ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကလည်း ဩဂုတ် ၁၈ ရက်မှာ မိုးသည်းထန်မှုနဲ့ ရေကြီးမှုအခြေအနေကို အခွင့်ကောင်းယူပြီး ဆန်နဲ့ စပါးတွေကို မလိုအပ်ဘဲ သိုလှောင်တာ၊ ဈေးနှုန်းအလွန်အကျွံ မြှင့်တင်ရောင်းချတာတွေ မလုပ်ကြဖို့ ကုန်သည်တွေနဲ့ ဆန်စက်လုပ်ငန်းရှင်တွေကို သတိပေးထားပါတယ်။

ရေကြီးမှုကြောင့် ဆန်စပါးထွက်ရှိရာဒေသတွေက ကုန်စည်စီးဆင်းမှု နှောင့်နှေးတာနဲ့ ဝယ်လိုအားတက်လာတာတွေက လက်ရှိ ဆန်ဈေးတက်လာမှုရဲ့ အကြောင်းရင်းတွေထဲ ပါဝင်နေပေမယ့် ဒေသအလိုက် ထုတ်လုပ်မှု၊ လက်ကျန်ဆန်ပမာဏနဲ့ ဈေးကွက်ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတွေ ဆက်ရှိနိုင်ပါတယ်။

Related News

Most Read