Homeပြည်တွင်းသတင်းမြန်မာ-ထိုင်း စစ်ဘက်အဆင့်မြင့်ဆွေးနွေးပွဲ ဘန်ကောက်မှာ ဒီနေ့ စတင်

မြန်မာ-ထိုင်း စစ်ဘက်အဆင့်မြင့်ဆွေးနွေးပွဲ ဘန်ကောက်မှာ ဒီနေ့ စတင်

ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar

မြန်မာနဲ့ ထိုင်း စစ်တပ်နှစ်ရပ်အကြား ၉ ကြိမ်မြောက် အဆင့်မြင့်ကော်မတီအစည်းအဝေး (Myanmar-Thailand High-Level Committee Meeting) ကို ဒီနေ့ ဩဂုတ် ၁၉ ရက်ကစပြီး ဘန်ကောက်မြို့မှာ သုံးရက်ကြာ ကျင်းပနေပါတယ်။

မြန်မာဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာဖြစ်ပြီး ထိုင်းဘက်က ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူကရစ် ဘွန်တနွန် (Ukrit Boontanon) က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ရဲဝင်းဦး စစ်ဦးစီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးဟာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ဩဂုတ်လအစောပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင်သွားရောက်ပြီးနောက် နှစ်ပတ်ခန့်အကြာမှာ ထပ်မံကျင်းပတဲ့ အဆင့်မြင့် စစ်ဘက်ဆိုင်ရာတွေ့ဆုံမှု ဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံက ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာအဆင့်ထိ ပိုမိုတိုးမြှင့်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ တောင်းဆိုချက်နောက်ပိုင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်ကလည်း မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေဆီ ထိုင်းဘက်က လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ စီးဆင်းမှုကို ပိုတင်းကျပ်စွာ ထိန်းချုပ်ဖို့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဲဒီနောက် တာ့ခ်ခရိုင် နယ်စပ်ဒေသမှာ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးမှုတစ်ခုအတွင်း ဒရုန်းထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ပစ္စည်း ၂၄ ခု သိမ်းဆည်းခဲ့ပြီး အဲဒီပစ္စည်းတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆီ ပို့ဖို့ ရည်ရွယ်ထားတာဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ထိုင်းဘက်ရဲ့ နယ်စပ်ထိန်းချုပ်မှု တင်းကျပ်လာတာက ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေအပေါ် သက်ရောက်နိုင်တယ်လို့ လေ့လာသူတချို့က သုံးသပ်ထားပါတယ်။

အခု ဘန်ကောက်ဆွေးနွေးပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေပြီး မြန်မာစစ်တပ်ဘက်က နယ်စပ်ဒေသဆိုင်ရာ ထောက်လှမ်းရေးအချက်အလက်တွေကို ထိုင်းဘက်နဲ့ ပိုမိုမျှဝေနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံဟာ စစ်အုပ်စုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု အများဆုံး အာဆီယံနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်းမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ နယ်စပ်လုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေကို ပိုမိုတိုးမြှင့်လာတာ တွေ့ရပါတယ်။

Related News

Most Read