Homeပြည်တွင်းသတင်းPDF နဲ့ ဆက်နွှယ်တယ်လို့ဆိုပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်ထုတ်ကာ ကျောက်စိမ်းလက်ဝတ်ရတနာ ကျပ်သိန်း ၅၀၀ ဖိုးခန့် လုယက်ခံရ

PDF နဲ့ ဆက်နွှယ်တယ်လို့ဆိုပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်ထုတ်ကာ ကျောက်စိမ်းလက်ဝတ်ရတနာ ကျပ်သိန်း ၅၀၀ ဖိုးခန့် လုယက်ခံရ

ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်က မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းအတွင်း ဒီနေ့ ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး PDF နဲ့ ဆက်နွှယ်မှုရှိတယ်လို့ဆိုပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်ထုတ်ခံရကာ နောက်ပိုင်း ဓားထောက်လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မနက် ၁၀ နာရီကျော်အချိန် အမည်မသိ အမျိုးသားနှစ်ဦးက အဆိုပါကျောက်သမားဆီ ရောက်လာပြီး ဓားနဲ့ ခြိမ်းခြောက်ကာ PDF နဲ့ ဆက်နွှယ်မှုရှိတယ်လို့ဆိုပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

အဲဒီအမျိုးသားနှစ်ဦးက ပျောက်ကျားဦးထုပ်တစ်လုံးကိုလည်း ပြသခဲ့ပြီး ကျောက်ဝိုင်းအပြင်ဘက် ၃၉ လမ်း၊ ၈၅ လမ်းနဲ့ ၈၇ လမ်းကြား ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာရောက်တဲ့အခါ ကျောက်သမားဆီက ကျောက်စိမ်းအချောထည် ၂ ပွင့်၊ ကျောက်စိမ်းဆွဲကြိုး ၂ ကုံး၊ ချွမ်လည်ဆွဲ ၁ ကုံး၊ ချွမ်လက်စွပ် ၂ ကွင်းနဲ့ ကျောက်စိမ်းနားကပ် ၁ စုံ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိ ပစ္စည်းတွေနဲ့ ငွေသား ကျပ် ၁၂၀,၀၀၀ ပါဝင်တဲ့ လွယ်အိတ်ကို လုယူသွားခဲ့တယ်လို့ ဆိုပါတယ်။

လုယက်သူနှစ်ဦးဟာ ပစ္စည်းတွေ ယူဆောင်ပြီးနောက် မီနီအိုးဝေတစ်စီး ငှားရမ်းကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နောက်ပိုင်း လုယက်ခံရသူက ကျောက်ဝိုင်းရဲကင်းကို သတင်းပေးတိုင်ကြားခဲ့ပြီး အမှတ် (၇) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Related News

Most Read