Homeပြည်တွင်းသတင်းမီလျံနာရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ရွှေတပိဿာခန့်လုယူမှု၊ သံသယရှိသူ ၆ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

မီလျံနာရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ရွှေတပိဿာခန့်လုယူမှု၊ သံသယရှိသူ ၆ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မီလျံနာရွှေဆိုင်ကို သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တဲ့အမှုနဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ ခြောက်ဦးလုံးကို ဖမ်းဆီးရမိထားပြီလို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံထားရသူတွေဆီက အရည်ကျိုထားတဲ့ ရွှေတုံး လေးတုံး၊ ရွှေဟန်းချိန်း နှစ်ကုံး စုစုပေါင်း ရွှေချိန် ၁၅ ကျပ်သားခန့်၊ Redmi ဖုန်း နှစ်လုံး၊ နိုင်ငံသားစိစစ်ရေးကတ် နှစ်ခု၊ ယာဉ်မောင်းလိုင်စင်တခု၊ ဘေးလွယ်အိတ်တလုံးနဲ့ သင်္ကန်းတစုံတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သံသယရှိသူ ခြောက်ဦးကို မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှာ ထိန်းသိမ်းစစ်ဆေးနေပြီး ပြန်လည်မရရှိသေးတဲ့ ရွှေထည်ပစ္စည်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ အရင်က ပြစ်မှုကျူးလွန်ဖူးသူတွေလည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဓားပြတိုက်မှုဟာ ဇူလိုင် ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တာပါ။ အမျိုးသားခြောက်ဦးက ဆိုင်ကယ်သုံးစီးနဲ့ ရောက်လာပြီး သေနတ်တချက်ပစ်ဖောက်ကာ ဆိုင်အတွင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မှန်ကောင်တာတွေကို ပုဆိန်နဲ့ ရိုက်ခွဲပြီး ရွှေဆွဲကြိုး ၉၄ ကုံး၊ ရွှေဟန်းချိန်း ၄၆ ကွင်းနဲ့ ရွှေလက်ကောက် ၁၇ ကွင်း၊ စုစုပေါင်း ရွှေချိန် တပိဿာခန့်ကို လုယူထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ လုယူခံရတဲ့ ရွှေထည်တွေရဲ့တန်ဖိုးဟာ ကျပ်သိန်း ၆,၉၅၅ ခန့်ရှိတယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို အမှတ် (၁၁) နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၅ — ဓားပြမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ စွပ်စွဲခံရသူတွေကို တရားရုံးက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ထားခြင်း မရှိသေးပါဘူး။

Related News

Most Read