စက်တင်ဘာ ၂၊ ၂၀၂၆ | New Day Myanmar
ဂျပန်နိုင်ငံ၊ ဆိုင်းတမစီရင်စု ဟိဂါရှီမတ်ဆုယာမမြို့က နေအိမ်တိုက်ခန်းမှာ မွေးကင်းစကလေးတဦးရဲ့ အလောင်းကို ထားရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသူ ကျောင်းသူတဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
ရဲအဆိုအရ အမျိုးသမီးဟာ သူမွေးဖွားခဲ့တယ်လို့ ယူဆရတဲ့ မွေးကင်းစကလေးအလောင်းကို သူနေထိုင်ရာ တိုက်ခန်းအတွင်း ထားရှိခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဩဂုတ် ၂၈ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ကလေးဟာ ယောက်ျားလေးဖြစ်နိုင်တယ်လို့ ရဲက ယူဆထားပါတယ်။
ဩဂုတ် ၂၇ ရက်မှာ ဆိုင်းတမစီရင်စုအတွင်းက သားဖွားမီးယပ်ဆရာဝန်တဦးက ကိုယ်ဝန်ရှိတယ်လို့ သိထားရတဲ့ အမျိုးသမီးတဦး ဆေးခန်းလာရောက်ခဲ့ပေမယ့် သားအိမ်အတွင်း သန္ဓေသား မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာကနေ ဒီဖြစ်စဉ်ကို စတင်သိရှိခဲ့တာလို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။
ရဲတပ်ဖွဲ့က ဩဂုတ် ၂၈ ရက်မှာ အမျိုးသမီးရဲ့ နေအိမ်ကို ရှာဖွေစစ်ဆေးရာ ပလတ်စတစ်အိတ်အတွင်း ထည့်ထားတဲ့ မွေးကင်းစကလေးအလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အလောင်းမှာ အပြင်ဘက်ကနေ မြင်နိုင်တဲ့ ထင်ရှားတဲ့ ဒဏ်ရာတွေ မတွေ့ရဘဲ ကလေးသေဆုံးရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေပါတယ်။
စစ်ဆေးမေးမြန်းရာမှာ အမျိုးသမီးက ကလေးကို ပလတ်စတစ်အိတ်ထဲ ထည့်ပြီး နေအိမ်မှာထားခဲ့တာ မှန်ကန်ကြောင်း ပြောဆိုထားပေမယ့် “စွန့်ပစ်ဖို့ ဒါမှမဟုတ် ဖုံးကွယ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး” လို့ ပြောပြီး စွပ်စွဲချက်ကို တစိတ်တပိုင်း ငြင်းဆိုထားတယ်လို့ ရဲအဆိုကို ကိုးကားပြီး ဂျပန်သတင်းတွေက ဖော်ပြပါတယ်။
ကလေးအလောင်းကို နေအိမ်မှာ ထားရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကာလနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်တွေကြား အနည်းငယ် ကွဲလွဲမှုရှိပါတယ်။ Japan Today က Kyodo News ကို ကိုးကားပြီး ဩဂုတ် ၁၆ ရက်ကနေ ၂၇ ရက်အတွင်းလို့ ဖော်ပြထားပေမယ့် TV Asahi နဲ့ ဒေသခံ Tele-Tama သတင်းတွေမှာတော့ ဩဂုတ် ၁၆ ရက်ကနေ ၂၈ ရက်အတွင်းလို့ ဖော်ပြထားပါတယ်။
အမျိုးသမီးရဲ့ ပညာသင်ကြားနေမှုနဲ့ ပတ်သက်လို့လည်း ဂျပန်သတင်းတချို့က အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းသူလို့ ဖော်ပြထားပြီး တချို့ကတော့ ဂျပန်ဘာသာစကားကျောင်းမှာ ပညာသင်နေသူလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ အမျိုးသမီးဟာ ကလေးအလောင်းကို စွန့်ပစ်ထားတယ်ဆိုတဲ့ သံသယနဲ့သာ ဖမ်းဆီးစစ်ဆေးခံနေရတာ ဖြစ်ပြီး ကလေးသေဆုံးမှုနဲ့ ပတ်သက်တဲ့ အကြောင်းရင်းနဲ့ တခြားပြစ်မှု ရှိ၊ မရှိကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပါတယ်။
#ဂျပန် #မြန်မာနိုင်ငံသား #ဆိုင်းတမ #မှုခင်း #မွေးကင်းစကလေး #Japan #NewDayMyanmar

