Homeပြည်တွင်းသတင်းမြန်မာမှာ မြေရှားသတ္တုတူးဖော်မှု နေရာ ၄၀၀ လောက်အထိတိုးလာ

မြန်မာမှာ မြေရှားသတ္တုတူးဖော်မှု နေရာ ၄၀၀ လောက်အထိတိုးလာ

ဩဂုတ် ၁၆၊ ၂၀၂၆ | New Day Myanmar

တရုတ်နိုင်ငံက သူ့နိုင်ငံအတွင်း တရားမဝင် မြေရှားသတ္တုတူးဖော်မှုတွေကို တင်းတင်းကျပ်ကျပ် နှိမ်နင်းလာချိန်မှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံ ကချင်ပြည်နယ်ဘက်ကို ရွှေ့ပြောင်းပြီး မြေရှားသတ္တုတူးဖော်မှုတွေ တိုးချဲ့လာတယ်လို့ ကချင်သုတေသီတစ်ဦးက ပြောပါတယ်။

ဩဂုတ် ၁၅ ရက်က ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပတဲ့ ပဉ္စမအကြိမ် နိုင်ငံတကာ မြန်မာလေ့လာရေးညီလာခံအတွင်း “မြေရှားသတ္တု၊ သယံဇာတထုတ်ယူရေးလုပ်ငန်း၊ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်နဲ့ နယ်စပ်ဖြတ်ကျော် ရေညစ်ညမ်းမှု” ဆွေးနွေးပွဲမှာ ဒီအကြောင်းတွေကို တင်ပြခဲ့တာဖြစ်ပါတယ်။

ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံဌာန Sustainable Development Studies Centre က ကချင်သုတေသီ ဆဲင်လီ က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တုတွင်းတွေ အလွန်မြန်ဆန်စွာ တိုးလာခဲ့တယ်လို့ ပြောပါတယ်။ Myanmar Witness ရဲ့ အချက်အလက်အရ မြေရှားသတ္တုတူးဖော်ရာနေရာ ၄၀၀ ခန့် တွေ့ရှိထားပြီး ဒါဟာ မြန်မာနိုင်ငံက မြေရှားသတ္တုတွင်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ဈေးကွက်မှာ မြေရှားသတ္တုလိုအပ်ချက် မြင့်တက်လာတာနဲ့ တရုတ်နိုင်ငံအတွင်း တရားမဝင်သတ္တုတွင်းတွေကို ပိတ်ပင်နှိမ်နင်းလာတာကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ကချင်ပြည်နယ်ဘက်ကို ရွှေ့ပြောင်းလာပြီး တူးဖော်ရရှိတဲ့ သတ္တုတွေကို တရုတ်နိုင်ငံကို ပြန်ပို့ကာ သန့်စင်ထုတ်လုပ်နေတယ်လို့ ဆဲင်လီက ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အတွက်လည်း မြေရှားသတ္တုလုပ်ငန်းဟာ အရေးပါတဲ့ ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်လာပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း KIA က စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲဖို့နဲ့ လက်နက်ဝယ်ယူဖို့ ငွေကြေးလိုအပ်ချက် မြင့်တက်လာချိန်မှာ ဒီဝင်ငွေက ပိုအရေးပါလာတယ်လို့ သူက ဆိုပါတယ်။

KIO က ၂၀၂၅ ခုနှစ်ကစပြီး အခွန်ကောက်ခံတာ၊ တင်ပို့ရေးဂိတ်တွေ ထိန်းချုပ်တာ၊ နိုင်ငံခြားသားလုပ်သားတွေကို စီမံခန့်ခွဲတာနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းတာတွေ ပါဝင်တဲ့ စည်းမျဉ်းတွေ ချမှတ်လာပေမယ့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ဓာတုပစ္စည်းတွေ ရေအရင်းအမြစ်ထဲ စီးဝင်မှု၊ မြေပြိုတောင်ပြိုမှု၊ လုပ်သားလုံခြုံရေးနဲ့ အမျိုးသမီးလုပ်သားတွေ အမြတ်ထုတ်ခံရမှု စတဲ့ ပြဿနာတွေမှာတော့ အားနည်းချက်တွေ ကြီးကြီးမားမား ရှိနေဆဲလို့ ဆဲင်လီက ပြောပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပတ်ဝန်းကျင်ရေးရာကျွမ်းကျင်သူ တာရာ ဘူဝါခမ်စရီ ကတော့ ဂြိုဟ်တုပုံရိပ်တွေအရ ကချင်နဲ့ ရှမ်းပြည်နယ်မှာ မြေရှားသတ္တုတူးဖော်ရာနေရာတွေ အများအပြား ပျံ့နှံ့နေပြီး အဲဒီက စွန့်ပစ်ရေတွေဟာ ဧရာဝတီ၊ သံလွင်နဲ့ မဲခေါင်မြစ်ဝှမ်း တွေဆီ စီးဝင်နေတယ်လို့ ပြောပါတယ်။

Global Witness ရဲ့ အချက်အလက်ကို ကိုးကားပြီး ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကနေ Dysprosium နဲ့ Terbium အပါအဝင် အလေးစားမြေရှားသတ္တု ၄၁,၇၀၀ တန် တင်သွင်းခဲ့ပြီး ဒါဟာ တရုတ်ရဲ့ အလေးစားမြေရှားသတ္တုတင်သွင်းမှု စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်း အထိ ရှိတယ်လို့ သူက ပြောပါတယ်။ ဒီသတ္တုတွေကို လျှပ်စစ်ကား၊ လေစွမ်းအင်တာဘိုင်နဲ့ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေမှာ အသုံးပြုတဲ့ အပူဒဏ်ခံသံလိုက်တွေ ထုတ်လုပ်ရာမှာ အသုံးများပါတယ်။

တာရာက တရုတ်နိုင်ငံဟာ အလေးစားမြေရှားသတ္တု သန့်စင်ထုတ်လုပ်မှုကို ကမ္ဘာ့အဆင့်မှာ အဓိကလွှမ်းမိုးထားပေမယ့် သတ္တုကုန်ကြမ်းအတွက် မြန်မာနိုင်ငံအပေါ် အလွန်မှီခိုနေရတာကြောင့် မြန်မာ့မြေရှားသတ္တုကွင်းဆက်ဟာ တရုတ်အတွက် အားနည်းချက်တစ်ခု ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ KIA က ကချင်ပြည်နယ်က မြေရှားသတ္တုထွက်ရာ ဒေသတွေကို ထိန်းချုပ်လာပြီးနောက် မြန်မာနိုင်ငံကနေ တရုတ်ရဲ့ သတ္တုတင်သွင်းမှုဟာ တစ်လအတွင်း ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တာက ဒီမှီခိုမှုကို ထင်ရှားစေတယ်လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာ တအာင်းတပ်မတော် (TNLA) က မိုးကုတ်ဒေသ ပတ္တမြားကုန်သွယ်ရေးက ရရှိတဲ့ ဝင်ငွေလျော့နည်းလာချိန်မှာ မြေရှားသတ္တုတွင်းအသစ် ဒါဇင်နဲ့ချီ ပေါ်လာတာဟာ သဘာဝသယံဇာတက ဝင်ငွေလိုအပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် အခြားဝင်ငွေရင်းမြစ်တစ်ခုဖြစ်လာနေတဲ့ “သယံဇာတကျိန်စာ” ပြဿနာ ကို ပြသနေတယ်လို့ တာရာက ဆိုပါတယ်။

Rivers and Rights အဖွဲ့ ပူးတွဲတည်ထောင်သူ ပီယန်ပေါ် ဒီတက် ကလည်း ရှမ်းပြည်နယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်တလျှောက် သတ္တုတူးဖော်မှုကြောင့် နယ်စပ်ဖြတ်ကျော်မြစ်ရေညစ်ညမ်းမှု ပိုဆိုးလာနေတယ်လို့ ပြောပါတယ်။

ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေးဌာနရဲ့ စမ်းသပ်ချက်တွေအရ စိုင်းမြစ် မှာ အာဆင်းနစ်ဓာတ်ဟာ ဘေးကင်းလုံခြုံရေးစံနှုန်းထက် နှစ်နှစ်ကျော် ဆက်တိုက်မြင့်နေပြီး ရွှေတြိဂံဒေသ မဲခေါင်မြစ်အောက်ခြေသဲနုန်းတချို့မှာတော့ ရေသတ္တဝါတွေအတွက် အန္တရာယ်ရှိတဲ့ စံနှုန်းထက် ၁၀ ဆအထိ မြင့်တက်နေတယ်လို့ သူက ပြောပါတယ်။

ပီယန်ပေါ်က လက်ရှိ သတ္တုတွင်းလုပ်ငန်းတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကနေ သံလွင်မြစ်ဝှမ်းနဲ့ တနင်္သာရီဒေသအထိ ဆက်လက်တိုးချဲ့လာနေပြီး မြစ်အောက်ခြေက သဘာဝမြေဆီလွှာအဖြစ် အသုံးဝင်ခဲ့တဲ့ သဲနုန်းတွေတောင် အခုအခါ အာဆင်းနစ်နဲ့ အဆိပ်သင့်သတ္တုတွေ ပါဝင်တဲ့ “အဆိပ်သင့်သဲနုန်း” အဖြစ် ပြောင်းလဲလာနေတယ်လို့ သတိပေးပါတယ်။

ဒါ့အပြင် သံလွင်မြစ်မှာလည်း အာဆင်းနစ်နဲ့ ပြဒါးအပါအဝင် အဆိပ်သင့်သတ္တုတွေ တွေ့ရှိလာတာကြောင့် မြစ်အောက်ပိုင်းဒေသတွေမှာ စိုက်ပျိုးရေးအတွက် ရေကို ဆက်လက်အသုံးပြုနိုင်မနိုင် စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့ မြန်မာတို့က မကြာသေးခင်က နယ်စပ်ဖြတ်ကျော်မြစ်ရေအရည်အသွေး ပူးတွဲစောင့်ကြည့်ရေး TOR လက်မှတ်ရေးထိုးထားပေမယ့် ညစ်ညမ်းမှုရဲ့ အရင်းအမြစ်ဖြစ်တဲ့ သတ္တုတွင်းတွေကို တိုက်ရိုက်ကိုင်တွယ်ထားတာ မရှိဘူးလို့ ပီယန်ပေါ်က ဝေဖန်ပါတယ်။

လူမှုအဖွဲ့တွေရဲ့ အဓိကတောင်းဆိုချက်ကတော့ ကော့မြစ်၊ စိုင်းမြစ်၊ ရွက်မြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်နဲ့ ကရဘူရီမြစ်အပါအဝင် နယ်စပ်ဖြတ်ကျော်မြစ်တွေရဲ့ ရေဝေရေလဲဒေသတွေကို သတ္တုတွင်းမတူးရ ဒေသအဖြစ် သတ်မှတ်ဖို့ ဖြစ်ပါတယ်။ သောက်သုံးရေ၊ မြေဆီလွှာနဲ့ အစားအစာလုံခြုံရေးဟာ သတ္တုတူးဖော်ရေးဝင်ငွေထက် ပိုအရေးကြီးတယ်လို့ လူမှုအဖွဲ့တွေက ပြောပါတယ်။

Related News

Most Read