Homeပြည်တွင်းသတင်းဆိုင်ကယ်စမ်းစီးမယ်လို့ပြောပြီး မောင်းယူထွက်ပြေးတဲ့ မြန်မာအမျိုးသား ထိုင်းမှာ ဖမ်းဆီးခံရ

ဆိုင်ကယ်စမ်းစီးမယ်လို့ပြောပြီး မောင်းယူထွက်ပြေးတဲ့ မြန်မာအမျိုးသား ထိုင်းမှာ ဖမ်းဆီးခံရ

ဩဂုတ် ၂၈၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ပထုမ်ဌာနီခရိုင်၊ လမ်လုကာမြို့နယ်မှာ Facebook ကနေ ဆိုင်ကယ်ဝယ်မယ်လို့ ဆက်သွယ်ပြီး စမ်းစီးကြည့်မယ်ဆိုကာ ဆိုင်ကယ်ကို မောင်းယူထွက်ပြေးတယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ရဲတပ်ဖွဲ့အဆိုအရ ဖမ်းဆီးခံရသူဟာ စိုင်းကိုကို (ခ) ကျူး ဆိုသူဖြစ်ပြီး ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ Facebook အကောင့်တခုကနေ အမျိုးသမီးတဦး ရောင်းချနေတဲ့ Honda Wave 110i ဆိုင်ကယ်ကို ဝယ်ယူလိုကြောင်း ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးဟာ လမ်လုကာ၊ ခလောင်း ၇ ဒေသက ဆိုင်တဆိုင်ရှေ့မှာ တွေ့ဆုံဖို့ ချိန်းဆိုခဲ့ကြပါတယ်။

ဆိုင်ကယ်အခြေအနေ စစ်ဆေးနေချိန်မှာ စမ်းစီးကြည့်ချင်တယ်လို့ ပြောပြီး ဆိုင်ကယ်ပေါ်တက်ကာ အရှိန်မြှင့် မောင်းယူထွက်ပြေးသွားတယ်လို့ ရဲဘက်က ဆိုပါတယ်။ ဆိုင်ကယ်ပိုင်ရှင်ကတော့ သံသယရှိသူ ဆိုင်ကယ်စမ်းစီးနေချိန် ဓာတ်ပုံရိုက်ထားနိုင်ခဲ့တာကြောင့် အဲဒီဓာတ်ပုံနဲ့ အခြားအထောက်အထားတွေကို ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။

အဲဒီနောက် လမ်လုကာရဲတပ်ဖွဲ့က ဆိုင်ကယ်ပိုင်ရှင်ကို သံသယရှိသူရဲ့ Facebook အကောင့်ဆီ နောက်ထပ်ဆိုင်ကယ်တစီး ရောင်းမယ်လို့ ပြန်လည်ဆက်သွယ်စေပြီး ဖမ်းဆီးဖို့ စီစဉ်ခဲ့ပါတယ်။

ဩဂုတ် ၂၅ ရက် မနက် ၉ နာရီဝန်းကျင်မှာ သံသယရှိသူက လမ်လုကာမြို့နယ်၊ ဘွန်းခမ်ပရွိုင်းဒေသက တိုက်ခန်းတခုအနီး ချိန်းဆိုထားတဲ့နေရာကို ရောက်လာချိန် ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကယ်ပိုင်ရှင်ကလည်း ဖမ်းဆီးခံရသူဟာ သူ့ဆိုင်ကယ်ကို မောင်းယူထွက်ပြေးသွားတဲ့သူဖြစ်ကြောင်း ရဲဆီ အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ကနဦးစစ်ဆေးမှုမှာ စိုင်းကိုကိုက ဆိုင်ကယ်ကို ယူဆောင်သွားခဲ့တာ ဝန်ခံပြီး ဆိုင်ကယ်ကို အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်က သူငယ်ချင်းတဦးရဲ့ နေအိမ်မှာ ဝှက်ထားတယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲဘက်က ပြောပါတယ်။ ရဲတွေက အဲဒီနေရာကို သွားရောက်စစ်ဆေးပြီး Honda Wave 110i ဆိုင်ကယ်၊ ဖြစ်စဉ်နေ့က ဝတ်ဆင်ထားတယ်ဆိုတဲ့ အဝတ်အစားတချို့နဲ့ မိုဘိုင်းဖုန်းတလုံးကို သိမ်းဆည်းခဲ့ပါတယ်။

ရဲစစ်ဆေးချက်အရ သူဟာ အလားတူနည်းလမ်းနဲ့ အရင်ကလည်း ဆိုင်ကယ်ခိုးယူမှုတွေ ကျူးလွန်ခဲ့ဖူးတယ်လို့ ထွက်ဆိုထားပေမယ့် အဲဒီဖြစ်စဉ်တွေရဲ့ အရေအတွက်နဲ့ အသေးစိတ်ကိုတော့ သီးခြားအတည်မပြုရသေးပါဘူး။

လက်ရှိမှာ ရဲတပ်ဖွဲ့က သူ့ကို ညအချိန် ခိုးမှု သို့မဟုတ် ခိုးရာပါပစ္စည်း လက်ခံမှု ဆိုင်ရာ စွဲချက်တွေနဲ့ လမ်လုကာရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီး အပြစ်ရှိ၊ မရှိကိုတော့ တရားရုံးက ဆက်လက်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Related News

Most Read