Homeဆောင်းပါးတရုတ်ရဲ့ BCMEC အိပ်မက်နဲ့ ပြည်တွင်းစစ်ဇုန် မြန်မာ

တရုတ်ရဲ့ BCMEC အိပ်မက်နဲ့ ပြည်တွင်းစစ်ဇုန် မြန်မာ

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ် ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံချိန်မှာ ဘေဂျင်းက ဘင်္ဂလားဒေ့ရှ်–တရုတ်–မြန်မာ စီးပွားရေးစင်္ကြံ (Bangladesh-China-Myanmar Economic Corridor – BCMEC) တည်ထောင်ဖို့ အဆိုပြုခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ထားတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) ရဲ့ အဓိကမဏ္ဍိုင်တခုဖြစ်လာမယ့် ဒေသတွင်းချိတ်ဆက်ရေးကွန်ရက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကို မြန်မာနိုင်ငံကတဆင့် ပင်လယ်ထွက်ပေါက်မရှိတဲ့ တရုတ်နိုင်ငံအနောက်တောင်ပိုင်းနဲ့ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

အဆိုပြုထားတဲ့ စီးပွားရေးစင်္ကြံဟာ ရပ်ဆိုင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်–တရုတ်–အိန္ဒိယ–မြန်မာ စီးပွားရေးစင်္ကြံ (Bangladesh-China-India-Myanmar Economic Corridor – BCIMEC) ကို အစားထိုးဖို့ ရည်ရွယ်ထားတာပါ။ BCIMEC ကို အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ကတဆင့် တရုတ်နိုင်ငံနဲ့ ချိတ်ဆက်ပေးနိုင်မှာဖြစ်ပေမယ့် တရုတ်နဲ့ အိန္ဒိယကြား မဟာဗျူဟာပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ ဒီစီးပွားရေးစင်္ကြံရဲ့ အလားအလာရှိတဲ့ စီးပွားရေးအရေးပါမှုနဲ့ပတ်သက်ပြီး ရေးသားဖော်ပြထားတာတွေ အများအပြားရှိပေမယ့် စီမံကိန်းကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြေကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အဆိုပြုထားတဲ့ BCMEC ထဲကနေ အိန္ဒိယကို ဖယ်ထုတ်လိုက်တာက အဓိကတင်းမာမှုတခုကို လျော့ကျသွားစေပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အလွန်ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ တောင်ဘက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အကွဲအပြဲတွေနဲ့ ပဋိပက္ခတွေ စုဝေးနေတဲ့ “ကွဲကြေဇုန်” (shatterbelt) တခု ဖြစ်နေတာကြောင့်ပါ။

“Shatterbelt” ဆိုတဲ့ အသုံးအနှုန်းကို အမေရိကန်နိုင်ငံရဲ့ ထင်ရှားတဲ့ ပထဝီဝင်ပညာရှင် Richard Hartshorne က ၁၉၄၁ ခုနှစ်မှာ ပထဝီဝင်ဆိုင်ရာ အဓိပ္ပာယ်နဲ့ ပထမဆုံးအသုံးပြုခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာတော့ ဗြိတိန်ပထဝီနိုင်ငံရေးပညာရှင် William Gordon East က ဒီအသုံးအနှုန်းကို ပထဝီနိုင်ငံရေးသဘောတရားအဖြစ် ပထမဆုံးအသုံးပြုခဲ့ပါတယ်။

East ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “ကွဲကြေဇုန်” ဆိုတာ လူမျိုးစု၊ ဘာသာစကား၊ ဘာသာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ အကွဲအပြဲတွေ ပြင်းထန်နေပြီး အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုဒဏ်ကိုလည်း ပြင်းပြင်းထန်ထန် ခံနေရတဲ့ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတခုဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဥရောပဒေသမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ လူမျိုးစုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခတွေရှိပြီး ဂျာမန်အခြေပြုနိုင်ငံတွေ၊ ရုရှား၊ ပြင်သစ်၊ အော်တိုမန်အင်ပါယာနဲ့ နောက်ပိုင်းမှာ အင်္ဂလိပ်–ဆက်ဆွန်အင်အားကြီးနိုင်ငံတွေရဲ့ ရာစုနှစ်နဲ့ချီ စစ်ပြိုင်ရာဒေသဖြစ်ခဲ့တာကြောင့် East က အဲဒီဒေသကို “ကွဲကြေဇုန်” အဖြစ် သတ်မှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း ဘော်လ်ကန်ဒေသ၊ ကော့ကေးဆပ်ဒေသ၊ အရှေ့အလယ်ပိုင်း၊ ဘာမ်အီဒွန်ယာ (ကမ္ဘာ့ခေါင်မိုးဒေသ)၊ အာရှအနောက်တောင်ပိုင်းနဲ့ အာဖရိကဦးချိုဒေသအပါအဝင် အလားတူလက္ခဏာတွေရှိတဲ့ တခြားဒေသတွေကိုလည်း “ကွဲကြေဇုန်” တွေအဖြစ် သတ်မှတ်လာကြပါတယ်။

ကွဲကြေဇုန်တွေကို နိုင်ငံရေးအရ အားနည်းတဲ့ နယ်မြေတွေအဖြစ် ရှုမြင်ကြပါတယ်။ အဲဒီဒေသတွေမှာ ဗဟိုအာဏာ ဒါမှမဟုတ် အစိုးရရဲ့ ထိန်းချုပ်နိုင်စွမ်းက အတော်လေးအားနည်းပြီး နိုင်ငံတွင်းပဋိပက္ခ၊ လူမျိုးစုအချင်းချင်း ပဋိပက္ခနဲ့ လူမှုအသိုက်အဝန်းတွေကြား ပဋိပက္ခတွေ မကြာခဏဖြစ်ပွားလေ့ရှိသလို ပြင်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုအတွက်လည်း အခွင့်အလမ်းများနေပါတယ်။

ဒါကြောင့် ကြာရှည်ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေဟာ ကွဲကြေဇုန်အတွင်းမှာရှိတဲ့ နိုင်ငံတွေကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တခုတည်းအပေါ် အပြည့်အဝအာရုံစိုက်ဖို့ အဟန့်အတားဖြစ်စေပြီး စစ်ရေးအင်အားချဲ့ထွင်မှုနဲ့ လုံခြုံရေးအခြေပြုမူဝါဒတွေ ပိုမိုအားကောင်းလာတဲ့ဘက်ကို ဦးတည်စေပါတယ်။ ကွဲကြေဇုန်တွေဟာ ပဋိပက္ခဖြစ်ပွားလွယ်ပြီး မတည်ငြိမ်တာကြောင့် စီးပွားရေးရှုထောင့်က ကြည့်မယ်ဆိုရင် အဲဒီဒေသတွေမှာ ရင်းနှီးမြှုပ်နှံရတာဟာ အန္တရာယ်များပါတယ်။

ဒီအခြေအနေကို တရုတ်–ပါကစ္စတန် စီးပွားရေးစင်္ကြံ (China-Pakistan Economic Corridor – CPEC) က ကောင်းကောင်းသက်သေပြနေပါတယ်။ အမေရိကန်ဒေါ်လာ ၆၂ ဘီလျံတန်ဖိုးရှိတဲ့ ဒီရည်မှန်းချက်ကြီးမားတဲ့ စီမံကိန်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတခုဟာ ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်မှာ အခြေစိုက်ထားပါတယ်။

ဘာလိုချီစတန်ဟာ ဘာလိုချ်အမျိုးသားရေးဝါဒီတွေရဲ့ ကာလရှည်လက်နက်ကိုင်တော်လှန်မှုဒဏ်ကို ခံနေရတဲ့ ကွဲကြေဇုန်တခုဖြစ်သလို အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ အီရန်အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံတွေကြား မဟာဗျူဟာပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနေတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဘာလိုချ်အမျိုးသားရေးဝါဒီ စစ်ရေးနဲ့ နိုင်ငံရေးအဖွဲ့တွေဟာ CPEC ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း တရုတ်နိုင်ငံသားတချို့ကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အကြီးအကျယ် အန္တရာယ်ကျရောက်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်က ကွဲကြေဇုန်တခုအတွင်း ရည်မှန်းချက်ကြီးမားတဲ့ ချိတ်ဆက်ရေးစီမံကိန်းတွေ ဆောင်ရွက်ရာမှာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။

ပထဝီနိုင်ငံရေးရှုထောင့်ကကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts – CHT) တို့နဲ့အတူ ကွဲကြေဇုန်တခုကို ဖွဲ့စည်းနေပါတယ်။ ဒီဒေသဟာ ၁၉၄၇–၁၉၄၈ ခုနှစ်အတွင်း ကိုလိုနီအုပ်ချုပ်မှုကနေ လွတ်မြောက်လာချိန်ကစပြီး လူမျိုးစု၊ လူမျိုး၊ ဘာသာရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံက ဗမာမဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (Ethnic Armed Organisations – EAOs) ဟာ လွတ်လပ်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေ ပိုမိုရရှိရေးအတွက် ၁၉၄၈ ခုနှစ်ကတည်းက ပြည်ထောင်စုအစိုးရကို တိုက်ခိုက်လာခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ တပ်မတော်လို့ ခေါ်တဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတော်အာဏာရယူရေးအတွက် အရပ်သားနိုင်ငံရေးပါတီတွေနဲ့ တောက်လျှောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ စစ်တပ်အုပ်စိုးမှု အမြစ်တွယ်နေတဲ့ “စစ်တန်းလျားနိုင်ငံ” (garrison state) တခု ဖြစ်ပေါ်လာစေခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အထိ ရောက်ရှိလာခဲ့ပါတယ်။

အလားတူပဲ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက လူမျိုးစုနဲ့ မျိုးနွယ်စုအဖွဲ့တွေဟာ အိန္ဒိယဗဟိုအစိုးရကိုလည်းကောင်း၊ အချင်းချင်းကိုလည်းကောင်း ဆယ်စုနှစ်တွေနဲ့ချီ တိုက်ခိုက်လာခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှာလည်း အတိုင်းအတာပိုငယ်ပေမယ့် ပြင်းထန်တဲ့ ပဋိပက္ခတခုရှိနေပါတယ်။

ဒီဒေသရဲ့ မဟာဗျူဟာအရ အရေးပါတဲ့တည်နေရာကြောင့် အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ဂျပန်အပါအဝင် အင်အားကြီးနိုင်ငံတွေအပြင် အစ္စရေးနဲ့ ပါကစ္စတန်တို့ကပါ ဒီဒေသအပေါ် အလွန်စိတ်ဝင်စားကြောင်း ပြသထားကြပါတယ်။

အထူးသဖြင့် BCMEC ရဲ့ မရှိမဖြစ်ချိတ်ဆက်မှုတခု ဖြစ်လာမယ့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ကွဲကြေဇုန်တခုရဲ့ လက္ခဏာတွေအားလုံး ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်ထောင်စုအစိုးရနဲ့ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆိုပြီး အစိုးရနှစ်ရပ်ရှိနေပါတယ်။

ပြည်ထောင်စုအစိုးရဟာ မြန်မာနိုင်ငံနယ်မြေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၃ ရာခိုင်နှုန်းအထိသာ လက်ရှိထိန်းချုပ်ထားပြီး ကျန်တဲ့ ၆၇ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိကို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတာ ဒါမှမဟုတ် နှစ်ဖက်စလုံးက အပြိုင်လုယူနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဒါဇင်နဲ့ချီရှိပြီး အဖွဲ့အားလုံးနီးပါးဟာ သက်ဆိုင်ရာဒေသတွေမှာ ကိုယ်ပိုင်တိုင်းရင်းသားနိုင်ငံငယ်တွေ ဖန်တီးဖို့ ကြိုးပမ်းနေကြပါတယ်။ ဥပမာအားဖြင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းက “ဝ” ပြည်နယ်ကို လက်တွေ့မှာ လွတ်လပ်တဲ့ နယ်မြေတခုလို ထိန်းချုပ်ထားပါတယ်။ ပြည်ထောင်စုအစိုးရကတော့ ဒီနယ်မြေကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို့ သတ်မှတ်ထားပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကလည်း ရှမ်းပြည်နယ်အတွင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို လက်တွေ့အုပ်ချုပ်နေပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းညီနောင် (CB) နဲ့ ဗဟိုချုပ်ကိုင်မှုနည်းတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေအပါအဝင် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ချင်းပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပါတယ်။ အာရက္ခတပ်တော်ကလည်း ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်နဲ့ ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်ကို အုပ်ချုပ်နေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာ အလွန်အမင်း အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေပြီး မတည်မငြိမ်ဖြစ်နေသလို ဘော်လ်ကန်ဒေသလို နိုင်ငံငယ်တွေအဖြစ် ထပ်မံအစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားနိုင်တဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဒါကာ၊ နေပြည်တော်နဲ့ ဘေဂျင်းတို့က BCMEC ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမယ်ဆိုရင် ဒီစီးပွားရေးစင်္ကြံဟာ ပြည်ထောင်စုအစိုးရက ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ ဒါမှမဟုတ် တစိတ်တပိုင်းသာ ထိန်းချုပ်ထားနိုင်တဲ့ မြန်မာနိုင်ငံအတွင်းက ဒေသအများအပြားကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အဲဒီဒေသတွေထဲမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့ ပါဝင်နိုင်ပါတယ်။

အစောပိုင်းမှာ ဖော်ပြခဲ့သလို ရခိုင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တို့ရဲ့ နယ်မြေအများစုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ မကွေးနဲ့ မန္တလေးတိုင်းတို့ကိုတော့ ပြည်ထောင်စုအစိုးရနဲ့ NUG ရဲ့ စစ်ဘက်အင်အားစုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က အပိုင်းပိုင်းခွဲပြီး ထိန်းချုပ်ထားကြပါတယ်။

ဒီဒေသတွေဟာ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်မြေပြင်တွေဖြစ်ပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်အုပ်စုဆန့်ကျင်တဲ့ ဗမာလူမျိုးတွေက ဗမာလူမျိုးအများစု လွှမ်းမိုးထားတဲ့ မြန်မာစစ်တပ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပါတယ်။

ဒါ့အပြင် ဒီပဋိပက္ခတွေ လျော့ကျသွားမယ့် လက္ခဏာလည်း မတွေ့ရသေးပါဘူး။ ပြည်ထောင်စုအစိုးရက မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆက်လက်ထိန်းသိမ်းပြီး ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူဖို့ ဆုံးဖြတ်ထားပါတယ်။ တဖက်မှာလည်း NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လက်လွှတ်ပေးဖို့ ဆန္ဒမရှိကြပါဘူး။

တရုတ်နဲ့ အိန္ဒိယတို့က သူတို့ရဲ့ နယ်စပ်လုံခြုံရေးနဲ့ ပြည်တွင်းလုံခြုံရေး ပိုမိုခိုင်မာလာစေမယ့် ပုံစံတခုနဲ့ မြန်မာနိုင်ငံက စစ်ပွဲရဲ့ရလဒ်ကို ပုံဖော်ဖို့ ကြိုးပမ်းနေကြပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ကလည်း ဆန့်ကျင်ဘက်မဟာဗျူဟာတွေ အသုံးပြုပြီး မြန်မာနိုင်ငံကတဆင့် ဘင်္ဂလားပင်လယ်အော်ကို ပိုမိုကျယ်ပြန့်စွာ လက်လှမ်းမီနိုင်ရေး ကြိုးပမ်းနေကြပါတယ်။

တရုတ်နဲ့ ရုရှားတို့အပြင် အတိုင်းအတာအနည်းငယ်နဲ့ ပါကစ္စတန်နဲ့ အစ္စရေးတို့ကပါ ပြည်ထောင်စုအစိုးရကို တိတ်တဆိတ် လက်နက်ထောက်ပံ့နေပါတယ်။ တချိန်တည်းမှာပဲ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံအတွင်း စစ်ဖြစ်နေတဲ့အဖွဲ့တွေကြား သိမ်မွေ့တဲ့ ဟန်ချက်တခုကို ထိန်းသိမ်းထားကြပါတယ်။

အမေရိကန်က PDF တွေကို လူသေဆုံးစေနိုင်ခြင်းမရှိတဲ့ အကူအညီတွေ ထောက်ပံ့နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးကိုလည်း တိုးမြှင့်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လေ့ကျင့်ပေးပြီး လက်နက်တပ်ဆင်ပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်နဲ့ ယူကရိန်း ကြေးစားစစ်သားတွေဟာလည်း အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံထားရပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ မြန်မာနိုင်ငံကို ဖြတ်သန်းတဲ့ စီးပွားရေးစင်္ကြန်တခု တည်ဆောက်ဖို့ဟာ လက်တွေ့မှာ မဖြစ်နိုင်သလောက် ဖြစ်နေပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအကျပ်အတည်းကလည်း ဆက်လက်တည်ရှိနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့နည်းလမ်းနဲ့ နေရပ်ပြန်ပို့နိုင်ခြင်းမရှိသရွေ့ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။

ဒါပေမဲ့ ပြည်ထောင်စုအစိုးရနဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်စလုံးက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ အမှန်တကယ်လိုလားကြောင်း မပြသကြသေးပါဘူး။ NUG က ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအယူအဆအပေါ် ပိုမိုလက်ခံလိုတဲ့ သဘောထားရှိပုံရပေမယ့် NUG ရဲ့ အဓိကအင်အားစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ အစုလိုက်အပြုံလိုက် မောင်းထုတ်မှုကို ကြီးကြပ်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအကျပ်အတည်းဟာ မကြာမီကာလအတွင်း ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်သေးသလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးမှာ တင်းမာမှုဖြစ်စေတဲ့ ပြဿနာတခုအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နောက်ဆုံးမှာ တည်ငြိမ်လာခဲ့ရင်တောင် ဒီပြဿနာက ဒေသတွင်းချိတ်ဆက်ရေးစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ အဟန့်အတားဖြစ်နေဦးမှာပါ။

အဆိုပြုထားတဲ့ BCMEC မှာ ရှင်းလင်းတဲ့ မဟာဗျူဟာနဲ့ စီးပွားရေးအလားအလာတွေ ရှိနေပါတယ်။ ဒါပေမဲ့ စီမံကိန်းအကောင်အထည်ဖော်ရေးကို အခြေခံအဆောက်အအုံဆိုင်ရာ အခက်အခဲတွေထက် ပထဝီနိုင်ငံရေးအခြေအနေက ပိုမိုကန့်သတ်ဖို့ များပါတယ်။

မြန်မာနိုင်ငံရဲ့ ကာလရှည်ပြည်တွင်းစစ်၊ နယ်မြေထိန်းချုပ်မှု အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေတာ၊ အမြစ်တွယ်နေတဲ့ တိုင်းရင်းသားပဋိပက္ခတွေနဲ့ အင်အားကြီးနိုင်ငံတွေကြား မရပ်မနားပြိုင်ဆိုင်မှုတို့က မြန်မာနိုင်ငံကို မတည်ငြိမ်တဲ့ ဖြတ်သန်းသယ်ယူပို့ဆောင်ရေးနိုင်ငံတခုနဲ့ ပထဝီနိုင်ငံရေးအရ ပြည့်စုံတဲ့ ကွဲကြေဇုန်တခု ဖြစ်လာစေပါတယ်။

အငြင်းပွားနယ်မြေတွေကို ဖြတ်သန်းရမယ့် ဘယ်လိုစီးပွားရေးစင်္ကြံမျိုးမဆို လုံခြုံရေး၊ ဘဏ္ဍာရေးနဲ့ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ဆိုးရွားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဟာ စီမံကိန်းရဲ့ ရေရှည်အကောင်အထည်ဖော်နိုင်စွမ်းကို ထိခိုက်စေမှာဖြစ်ပါတယ်။

ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ ရိုဟင်ဂျာအကျပ်အတည်းကလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို ပိုမိုရှုပ်ထွေးစေပြီး ရေရှည်တည်တံ့တဲ့ ဒေသတွင်းချိတ်ဆက်ရေးအတွက် နောက်ထပ်အဟန့်အတားတခု ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ နိုင်ငံရေးသဘောတူညီချက်တခု မရရှိမချင်း၊ နိုင်ငံတော်အာဏာကို ထိထိရောက်ရောက် ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိမချင်းနဲ့ ဖြေရှင်းဖို့ကျန်နေသေးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိမချင်း BCMEC ဟာ မဟာဗျူဟာအမြင်တခုကနေ လက်တွေ့ကျပြီး လုံခြုံတဲ့ စီးပွားရေးစင်္ကြံတခုအဖြစ် ပြောင်းလဲလာနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။

Related News

Most Read