စက်တင်ဘာ ၅၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံက အင်တာနက်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Myanmar Broadband Telecom (MBT Telecom) ကို DYSPHOR1A အမည်ရှိ ငွေညှစ်ဗိုင်းရပ်စ်အဖွဲ့က ဆိုက်ဘာတိုက်ခိုက်ပြီး အသုံးပြုသူ ၂၀၉,၉၇၀ ဦးရဲ့ အချက်အလက်တွေကို ရယူထားတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
စက်တင်ဘာ ၄ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ဆိုတဲ့ ဒီဖြစ်စဉ်အတွင်း MBT Telecom ရဲ့ ဒေတာဘေ့စ်တခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်၊ စကားဝှက်နဲ့ အသုံးပြုထားတဲ့စက်ပစ္စည်းဆိုင်ရာ အချက်အလက်တွေ ပါဝင်တယ်လို့ ဆိုက်ဘာလုံခြုံရေးအဖွဲ့ DeXpose က ဖော်ပြပါတယ်။
DYSPHOR1A အဖွဲ့က သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် အချက်အလက်တွေ ထုတ်ဖော်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ Ransomfeed နဲ့ တခြား ငွေညှစ်ဗိုင်းရပ်စ်စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တွေမှာလည်း MBT Telecom ကို DYSPHOR1A ရဲ့ ပစ်မှတ်အဖြစ် စက်တင်ဘာ ၄ ရက်မှာ စာရင်းသွင်းထားပါတယ်။
ဒါပေမဲ့ ဟက်ကာအဖွဲ့ရဲ့ ပြောဆိုချက်၊ အချက်အလက် ၂၀၉,၉၇၀ ခု ရယူထားတယ်ဆိုတဲ့အချက်နဲ့ ထိခိုက်မှုအတိုင်းအတာကို သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ MBT Telecom ဘက်ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အများပြည်သူကို တရားဝင်ရှင်းလင်းထားတာ မတွေ့ရသေးပါဘူး။
MBT Telecom အသုံးပြုသူတွေအနေနဲ့ အကောင့်စကားဝှက်ကို ချက်ချင်းပြောင်းလဲတာ၊ တခြားအကောင့်တွေမှာ အလားတူစကားဝှက် အသုံးပြုထားရင်ပါ ပြောင်းလဲတာနဲ့ မသင်္ကာဖွယ် Link တွေ၊ ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ချ်တွေကို သတိထားတာတွေ ပြုလုပ်သင့်ပါတယ်။

