Homeနိုင်ငံတကာသတင်းဟော်မုဇ်ရေလက်ကြား ဖြတ်သန်းတဲ့ ကုန်တင်သင်္ဘော သိသိသာသာကျင်းဆင်း ၄ စီးသာရှိ၊ ၁ ရက်ကို ၄ စီးသာရှိ

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းတဲ့ ကုန်တင်သင်္ဘော သိသိသာသာကျင်းဆင်း ၄ စီးသာရှိ၊ ၁ ရက်ကို ၄ စီးသာရှိ

စက်တင်ဘာ ၂၊ ၂၀၂၆ | New Day Myanmar

အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ပြန်လည်မြင့်တက်လာချိန်မှာ ကမ္ဘာ့အရေးအကြီးဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ ကုန်စည်သယ်သင်္ဘောအရေအတွက် သိသိသာသာ ကျဆင်းနေပြီး စက်တင်ဘာ ၁ ရက်က သင်္ဘော ၄ စီးသာ ဖြတ်သန်းခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။

သင်္ဘောခြေရာခံကုမ္ပဏီ Kpler ရဲ့ ကနဦးအချက်အလက်တွေအရ တနင်္လာနေ့က သင်္ဘော ၁၀ စီး ဖြတ်သန်းခဲ့ရာက အင်္ဂါနေ့မှာ ၄ စီးသာရှိတော့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း နေ့စဉ်ပျမ်းမျှ သင်္ဘော ၁၃ စီးဝန်းကျင်နဲ့ နှိုင်းယှဉ်ရင်လည်း သိသိသာသာ နည်းပါးနေပါတယ်။

အဲဒီသင်္ဘော ၄ စီးထဲမှာ ရေနံစိမ်းအမြောက်အမြား သယ်ဆောင်နိုင်တဲ့ VLCC အမျိုးအစား ရေနံတင်သင်္ဘောတစီး၊ Panamax ရေနံတင်သင်္ဘောတစီး၊ Kamsarmax ကုန်တင်သင်္ဘောတစီးနဲ့ အလတ်စား ရေနံတင်သင်္ဘောတစီး ပါဝင်ပါတယ်။ တစီးက ရေလက်ကြားအတွင်း ဝင်ရောက်လာတာဖြစ်ပြီး ကျန်သုံးစီးက ပြန်လည်ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ဒါပေမယ့် သင်္ဘောတချို့ဟာ ခရီးစဉ်အတွင်း အလိုအလျောက် သင်္ဘောတည်နေရာပြစနစ်ကို ပိတ်ထားလေ့ရှိတာကြောင့် အခုကိန်းဂဏန်းတွေ နောက်ပိုင်းမှာ ပြောင်းလဲနိုင်တယ်လို့ Kpler က ဆိုပါတယ်။

အမေရိကန်က အင်္ဂါနေ့မှာ အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် နှစ်နိုင်ငံကြား ပဋိပက္ခဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း အပြင်းထန်ဆုံးအဆင့်တခုကို ပြန်ရောက်လာပါတယ်။

အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ဝင်ရောက်အသုံးပြုနိုင်မှု ပိုမိုကန့်သတ်လာမယ်လို့ သတိပေးထားပါတယ်။ ပဋိပက္ခမဖြစ်ခင်က ကမ္ဘာတဝန်း ရေနံသုံးစွဲမှုရဲ့ ငါးပုံတပုံနီးပါးနဲ့ ညီမျှတဲ့ ရေနံပမာဏဟာ ဟော်မုဇ်ရေလက်ကြားကတဆင့် သယ်ယူပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အရှေ့အလယ်ပိုင်းရဲ့ တခြားအရေးပါတဲ့ ရေကြောင်းလမ်းကြောင်းဖြစ်တဲ့ ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားကိုလည်း စက်တင်ဘာ ၁ ရက်မှာ ကုန်တင်သင်္ဘော ၁၈ စီးသာ ဖြတ်သန်းခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း နေ့စဉ်ပျမ်းမျှ ၂၄ စီးဝန်းကျင်ထက် လျော့နည်းနေပါတယ်။

အမေရိကန်-အီရန် တင်းမာမှုတွေကြောင့် ရေနံတင်သင်္ဘော လုံခြုံရေးနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင်တင်ပို့မှု ပြတ်တောက်နိုင်ခြေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး စက်တင်ဘာ ၁ ရက်က ကမ္ဘာ့ရေနံဈေးတွေ တစည်ကို ဒေါ်လာ ၄ ကျော် မြင့်တက်ခဲ့ပါတယ်။

Related News

Most Read