Homeအထူးသတင်းအမေရိကန်အတိုးနှုန်း မြှင့်နိုင်ခြေလျော့လာတာကြောင့် ကမ္ဘာ့စတော့ဈေးတွေ တက်၊ ဒေါ်လာကျပြီး ရွှေဈေးတက်

အမေရိကန်အတိုးနှုန်း မြှင့်နိုင်ခြေလျော့လာတာကြောင့် ကမ္ဘာ့စတော့ဈေးတွေ တက်၊ ဒေါ်လာကျပြီး ရွှေဈေးတက်

ဩဂုတ် ၁၇၊ ၂၀၂၆ | New Day Myanmar

အမေရိကန်စီးပွားရေးအချက်အလက်တွေ အားနည်းလာတာကြောင့် ဗဟိုဘဏ် (Federal Reserve) က စက်တင်ဘာလမှာ အတိုးနှုန်းမြှင့်နိုင်မယ့် အလားအလာ လျော့ကျလာပြီးနောက် ကမ္ဘာ့စတော့ဈေးကွက်တွေ တက်လာသလို အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းပြီး ရွှေဈေးလည်း မြင့်တက်လာတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အမေရိကန်ရဲ့ လက်လီရောင်းအား မျှော်မှန်းထားတာထက် ကျဆင်းခဲ့သလို စားသုံးသူယုံကြည်မှုလည်း အားနည်းလာတာကြောင့် Fed က လာမယ့်လမှာ အတိုးနှုန်းမြှင့်နိုင်ခြေကို ဈေးကွက်က ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ ခန့်မှန်းတော့ပြီး ပြီးခဲ့တဲ့တစ်ပတ်က ၅၀ ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့တာကနေ သိသိသာသာ ကျဆင်းလာပါတယ်။

အဲဒီအခြေအနေကြောင့် အာရှစတော့ဈေးကွက်တွေမှာ တရုတ် blue-chip စတော့ညွှန်းကိန်း ၀ ဒသမ ၈ ရာခိုင်နှုန်း၊ ဟောင်ကောင် Hang Seng ၁ ဒသမ ၆ ရာခိုင်နှုန်း နဲ့ ဂျပန် Nikkei ကလည်း အနည်းငယ် မြင့်တက်လာပါတယ်။ ဥရောပ STOXX 600 ကလည်း ၀ ဒသမ ၂ ရာခိုင်နှုန်းခန့် တက်လာပါတယ်။

အမေရိကန်အစိုးရငွေချေးစာချုပ် အတိုးနှုန်းတွေ ကျဆင်းလာပြီး ဒေါ်လာတန်ဖိုးလည်း အားနည်းလာတာကြောင့် ယူရိုငွေတန်ဖိုးဟာ နှစ်လအတွင်း အမြင့်ဆုံးအနီး ရောက်လာပါတယ်။ ဒေါ်လာအားနည်းမှုနဲ့ အတိုးနှုန်းတက်နိုင်ခြေ လျော့နည်းလာတာက ရွှေလို အတိုးမပေးတဲ့ ပိုင်ဆိုင်မှုတွေအတွက် အားပေးမှုဖြစ်လာပါတယ်။

ကမ္ဘာ့ရွှေဈေးကလည်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄,၃၉၇ ဝန်းကျင်အထိ တက်လာပြီး ၀ ဒသမ ၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။ အမေရိကန်အတိုးနှုန်း မြှင့်နိုင်ခြေ လျော့ကျလာတာက ရွှေဈေးကို အဓိကထောက်ပံ့ပေးနေတယ်လို့ ဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။

တစ်ဖက်မှာ ရေနံဈေးကတော့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီးနောက် ဒီနေ့ အနည်းငယ် ပြန်ကျလာပါတယ်။ Brent ရေနံဟာ တစ်စည်ကို ဒေါ်လာ ၈၈ ဝန်းကျင် မှာ ရှိနေပြီး အီရန်နဲ့ အမေရိကန်ကြား ပဋိပက္ခ၊ ဟော်မုဇ်ရေလက်ကြား အခြေအနေနဲ့ ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုတွေက ဈေးနှုန်းကို ဆက်လက်လှုပ်ခတ်စေနေပါတယ်။

လက်ရှိ ဈေးကွက်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ရဲ့ လာမယ့် စီးပွားရေးအချက်အလက်တွေ၊ Federal Reserve အစည်းအဝေးမှတ်တမ်း၊ အမေရိကန် လက်လီလုပ်ငန်းကြီးတွေရဲ့ ဝင်ငွေအစီရင်ခံစာတွေနဲ့ ကမ္ဘာ့စီးပွားရေးအရှိန်ကို ပြသမယ့် PMI အချက်အလက်တွေကို စောင့်ကြည့်နေကြပါတယ်။

Related News

Most Read