Homeအထူးသတင်းကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးသူ ၂,၃၀၀ ကျော်ရှိလာပြီး နိုင်ငံသမိုင်းတလျှောက် အဆိုးရွားဆုံးဖြစ်လာ

ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးသူ ၂,၃၀၀ ကျော်ရှိလာပြီး နိုင်ငံသမိုင်းတလျှောက် အဆိုးရွားဆုံးဖြစ်လာ

ဩဂုတ် ၁၇၊ ၂၀၂၆ | New Day Myanmar

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၂,၃၂၅ ဦးအထိ ရှိလာပြီး နိုင်ငံသမိုင်းတလျှောက် လူသေဆုံးမှုအများဆုံး အီဘိုလာကူးစက်မှု ဖြစ်လာတယ်လို့ နောက်ဆုံးအစိုးရအချက်အလက်တွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဩဂုတ် ၁၆ ရက်အထိ အီဘိုလာကူးစက်မှု အတည်ပြုလူနာ ၄,၉၄၅ ဦး ရှိလာပြီး အဲဒီမတိုင်ခင် ၂၄ နာရီအတွင်းမှာပဲ လူနာအသစ် ၁၀၁ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။

အခုသေဆုံးသူအရေအတွက်ဟာ ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကွန်ဂိုရဲ့ ယခင်အဆိုးရွားဆုံး အီဘိုလာကူးစက်မှုအတွင်း သေဆုံးသူ ၂,၂၉၉ ဦး ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ ကူးစက်သူအရေအတွက်အရလည်း အခုဖြစ်ပွားမှုက ဇူလိုင်လကုန်ကတည်းက ကွန်ဂိုသမိုင်းမှာ အကြီးဆုံးဖြစ်လာခဲ့ပါတယ်။

ကွန်ဂိုမှာ အီဘိုလာရောဂါ စတင်တွေ့ရှိခဲ့တဲ့ ၁၉၇၆ ခုနှစ်နောက်ပိုင်း ၁၇ ကြိမ်မြောက် ကူးစက်မှု ဖြစ်ပြီး လက်ရှိကူးစက်မှုကို မေလလယ်မှာ တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဒီဖြစ်ပွားမှုကို နိုင်ငံတကာစိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားပါတယ်။

လက်ရှိကူးစက်နေတဲ့ အီဘိုလာဟာ ရှားပါးတဲ့ Bundibugyo အမျိုးအစားဖြစ်ပြီး ဒီဗိုင်းရပ်စ်အမျိုးအစားအတွက် အတည်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် သီးသန့်ကုသဆေး မရှိသေးပါဘူး။ စမ်းသပ်ဆဲ ကာကွယ်ဆေးနဲ့ ကုသဆေးတချို့ကိုတော့ လေ့လာစမ်းသပ်နေပါတယ်။

ကူးစက်မှုဟာ ပဋိပက္ခတွေ၊ အားနည်းနေတဲ့ ကျန်းမာရေးစနစ်၊ ဒေသခံတချို့ရဲ့ မယုံကြည်မှုနဲ့ လူနာတွေကို အချိန်မီမရှာဖွေနိုင်တာတွေကြောင့် မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဩဂုတ် ၁၄ ရက်မှာတော့ ကူးစက်မှုဟာ နောက်ထပ် Bas-Uele ပြည်နယ် ကို ရောက်ရှိလာပြီး စုစုပေါင်း ပြည်နယ် ၆ ခုအထိ ပျံ့နှံ့လာပါတယ်။

အထူးစိုးရိမ်စရာကတော့ ကူးစက်အတည်ပြုလူနာတွေထဲ သေဆုံးမှုနှုန်းဟာ ဇွန်လအစောပိုင်းက ၂၀ ရာခိုင်နှုန်းဝန်းကျင် ရှိရာက လက်ရှိ ၄၆ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဆိုလိုတာက အတည်ပြုလူနာ နှစ်ဦးမှာ တစ်ဦးနီးပါး သေဆုံးနေတာ ဖြစ်ပါတယ်။

ကျန်းမာရေးကျွမ်းကျင်သူတွေက ဒီလို သေဆုံးမှုနှုန်း မြင့်တက်လာတာဟာ ဗိုင်းရပ်စ် ပိုမိုပြင်းထန်လာတာကြောင့် မဟုတ်ဘဲ လူနာတွေကို အချိန်မီမတွေ့ရှိနိုင်တာနဲ့ ကုသမှုနောက်ကျတာ ကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။ လူနာတချို့ကို အသက်ဆုံးရှုံးပြီးမှသာ အီဘိုလာကူးစက်ထားကြောင်း သိရှိရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ကွန်ဂိုရဲ့ အခုအီဘိုလာဖြစ်ပွားမှုဟာ ကမ္ဘာ့သမိုင်းမှာတော့ ဒုတိယအဆိုးရွားဆုံး ဖြစ်နေပါတယ်။ အဆိုးရွားဆုံးက ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ အနောက်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ ကူးစက်မှုဖြစ်ပြီး ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံတွေမှာ လူနာ ၂၈,၆၁၆ ဦး နဲ့ သေဆုံးသူ ၁၁,၃၁၀ ဦး ရှိခဲ့ပါတယ်။

လက်ရှိ ကွန်ဂိုကူးစက်မှုဟာ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံကိုပါ အရင်က ပျံ့နှံ့ခဲ့ပေမယ့် ယူဂန်ဒါဘက်မှာ ကူးစက်သူ ၂၀ ဦးနဲ့ သေဆုံးသူ ၂ ဦးသာ ရှိခဲ့ပြီး ပြီးခဲ့တဲ့လမှာ ကူးစက်မှုအဆုံးသတ်ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

အီဘိုလာဟာ ကူးစက်ခံထားရသူ ဒါမှမဟုတ် သေဆုံးသူရဲ့ သွေးနဲ့ ခန္ဓာကိုယ်အရည်တွေကို တိုက်ရိုက်ထိတွေ့ရာက ကူးစက်နိုင်ပြီး ဖျားတာ၊ အော့အန်တာ၊ ဝမ်းလျှောတာနဲ့ ပြင်းထန်တဲ့အခြေအနေမှာ ကိုယ်တွင်း၊ ကိုယ်ပြင် သွေးယိုတာတွေ ဖြစ်နိုင်ပါတယ်။

Related News

Most Read