စက်တင်ဘာ ၅၊ ၂၀၂၆ | New Day Myanmar
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတချို့မှာ သွားလာရခက်ခဲနေပြီး ကုန်ပစ္စည်းအဝင်နည်းလာတာကြောင့် သံ၊ ဘိလပ်မြေနဲ့ တခြားဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဈေးနှုန်းသိသိသာသာ မြင့်တက်လာကာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အခက်အခဲကြုံတွေ့နေကြတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးဈေးကွက်မှာ အသုံးပြုနေတဲ့ သံ၊ ဘိလပ်မြေနဲ့ တခြားပစ္စည်းတချို့ကို တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ကိုရီးယားအပါအဝင် ပြည်ပနိုင်ငံတွေကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။
လက်ရှိမှာ နယ်စပ်လမ်းကြောင်းတချို့ရဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲ၊ သွင်းကုန်ကန့်သတ်ချက်နဲ့ ကုန်ကျစရိတ်မြင့်တက်မှုတွေကြောင့် ပစ္စည်းတွေ ပုံမှန်မဝင်နိုင်ဘဲ ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
“အခုက ဆောက်လုပ်ရေးသုံး အခြေခံပစ္စည်းအားလုံး ဈေးတက်နေတာ။ တချို့ပစ္စည်းတွေက တစ်ပတ်အတွင်း နှစ်ဆနီးပါးတက်သွားတယ်။ မနှစ်က ဒီအချိန်လောက်ဆို သံတစ်တန်ကို ကျပ်သိန်း ၃၀ အောက်ပဲရှိတာ၊ အခု သိန်း ၅၀ ကျော်နေပြီ။ အဲဒီဈေးနဲ့တောင် ပစ္စည်းမှာထားရပြီး ချက်ချင်းမရဘူး။ ပစ္စည်းလည်း ပြတ်နေတယ်” လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ရန်ကုန်ဈေးကွက်မှာ သံတစ်တန်ကို ကျပ် ၅၅ သိန်းနဲ့အထက်အထိ ဈေးရှိလာပြီး ကျောက်အမျိုးအစားနဲ့ သယ်ယူပို့ဆောင်ရမယ့် အကွာအဝေးပေါ်မူတည်ကာ တစ်ကျင်းကို ကျပ် ၂ သိန်းခွဲကနေ ၅ သိန်းဝန်းကျင်အထိ ဈေးရှိနေတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။ အုတ်၊ သဲနဲ့ ဘိလပ်မြေဈေးတွေလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။
“ဈေးကွက်မှာ ပစ္စည်းအဝင်နည်းလေ၊ ပစ္စည်းပြတ်လေ၊ ဈေးပိုတက်လေဖြစ်နေတာ” လို့ အဲဒီလုပ်ငန်းရှင်က ဆက်ပြောပါတယ်။
ဆောက်လုပ်ရေးပစ္စည်းဈေးတွေ ဆက်တိုက်မြင့်တက်နေတာကြောင့် မူလတွက်ချက်ထားတဲ့ ကုန်ကျစရိတ်နဲ့ လုပ်ငန်းဆက်လုပ်ဖို့ ခက်ခဲလာပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတချို့မှာ အကြမ်းထည်အဆင့်အထိသာ ဆောက်လုပ်နိုင်ပြီး လုပ်ငန်းဆက်လုပ်ဖို့ ငွေကြေးမလုံလောက်တာကြောင့် ယာယီရပ်နားထားရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းက ထုတ်လုပ်တဲ့ အုတ်၊ သဲနဲ့ ကျောက်တွေဟာလည်း စက်သုံးဆီဈေး၊ လုပ်အားခနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကြောင့် ဈေးလိုက်ပါမြင့်တက်နေတာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ ဆက်ရှိနေပြီး ပစ္စည်းအဝင်ပုံမှန်မဖြစ်သရွေ့ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေ ထပ်မံမြင့်တက်နိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
ဓာတ်ပုံ — New Day Myanmar

