စက်တင်ဘာ ၂၊ ၂၀၂၆ | New Day Myanmar
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေချိန် ထိုင်းနိုင်ငံက စွမ်းအင်ဖူလုံရေးအတွက် မြန်မာနိုင်ငံနဲ့ အန်ဒမန်ပင်လယ်ထဲမှာ သဘာဝဓာတ်ငွေ့သိုက်အသစ်တွေ ထပ်မံရှာဖွေဖို့ စီစဉ်နေတယ်လို့ ထိုင်းစွမ်းအင်ဝန်ကြီး အကနတ် ပရွမ်ဖန် (Akanat Promphan) က ပြောပါတယ်။
ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးလုပ်ငန်း PTTEP က မြန်မာနိုင်ငံနဲ့ အန်ဒမန်ပင်လယ်မှာ သဘာဝဓာတ်ငွေ့သိုက်အသစ်တွေ ရှာဖွေဖို့ ဘတ်ဂျက်သတ်မှတ်ထားပြီးဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးက Reuters နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောပါတယ်။ ဘတ်ဂျက်ပမာဏနဲ့ ရှာဖွေမယ့် မြန်မာနိုင်ငံအတွင်း တိကျတဲ့ လုပ်ကွက်တွေကိုတော့ ထုတ်ဖော်ပြောထားတာ မရှိသေးပါဘူး။
ထိုင်းနိုင်ငံဟာ လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ၆၄ ရာခိုင်နှုန်းဝန်းကျင်ကို သဘာဝဓာတ်ငွေ့နဲ့ ထုတ်လုပ်နေတာဖြစ်ပြီး စွမ်းအင်ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို အဓိကအားထားနေရပါတယ်။ ၂၀၂၅ ခုနှစ်မှာ ထိုင်းက LNG သဘာဝဓာတ်ငွေ့ တန်ချိန် ၁၀ ဒသမ ၄ သန်း တင်သွင်းခဲ့ပြီး အဲဒီထဲက တန်ချိန် ၅ သန်းကို ကာလတိုဈေးကွက်ကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် LNG ဈေးနှုန်း မြင့်တက်လာနိုင်တဲ့အန္တရာယ်ရှိတာကြောင့် ထိုင်းအစိုးရက သဘာဝဓာတ်ငွေ့ ရရှိရေးကို ကာလရှည်စာချုပ်တွေနဲ့ အာမခံနိုင်ဖို့ ကြိုးပမ်းနေသလို ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက သဘာဝဓာတ်ငွေ့အရင်းအမြစ်အသစ်တွေ ရှာဖွေဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။
“အရှေ့အလယ်ပိုင်းမှာ ဘာဖြစ်နေလဲ ဒါမှမဟုတ် ပထဝီနိုင်ငံရေးပဋိပက္ခ ဘာပဲဖြစ်နေလဲဆိုတာနဲ့ မဆိုင်ဘဲ LNG ရရှိမှု တည်ငြိမ်စေမယ့် ကာလရှည်သဘောတူညီချက်တွေ ရရှိဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” လို့ အကနတ်က Reuters ကို ပြောပါတယ်။
မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ဟာ ထိုင်းနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးမှာ အရေးပါတဲ့အခန်းကဏ္ဍက ရှိနေပြီး PTTEP ရဲ့ အချက်အလက်တွေအရ မြန်မာကရရှိတဲ့ သဘာဝဓာတ်ငွေ့ဟာ ထိုင်းနိုင်ငံရဲ့ စုစုပေါင်း သဘာဝဓာတ်ငွေ့သုံးစွဲမှု ၁၅ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။
PTTEP ဟာ လက်ရှိ မြန်မာနိုင်ငံက ရတနာနဲ့ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ အဓိကလုပ်ကိုင်နေပြီး အဲဒီစီမံကိန်းတွေက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို မြန်မာပြည်တွင်း လျှပ်စစ်ထုတ်လုပ်ရေးအတွက် အသုံးပြုသလို ထိုင်းနိုင်ငံဘက်ကိုလည်း ပိုက်လိုင်းကနေ တင်ပို့နေတာ ဖြစ်ပါတယ်။
ထိုင်းစွမ်းအင်ဝန်ကြီးဌာနကလည်း မြန်မာနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့ဖို့နဲ့ အလားအလာရှိတဲ့ A6 လို ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်အသစ်တွေ ဖွံ့ဖြိုးနိုင်ရေး ဆွေးနွေးထားပါတယ်။ အဲဒီက ထွက်ရှိလာနိုင်တဲ့ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံဘက် ပိုက်လိုင်းကတဆင့် ပို့ဆောင်နိုင်ရေးကိုပါ ဆွေးနွေးထားတယ်လို့ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
တဖက်မှာလည်း ထိုင်းအစိုးရက သဘာဝဓာတ်ငွေ့နဲ့ LNG အပေါ် မှီခိုမှုလျှော့ချနိုင်ဖို့ အိမ်ထောင်စု တသန်းမှာ တနှစ်အတွင်း Rooftop Solar စနစ် ၅ ဂီဂါဝပ်အထိ တပ်ဆင်နိုင်ရေး ကူညီဖို့ စီစဉ်ထားပါတယ်။ ရေရှည်မှာတော့ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှုထဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အချိုးကို ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။

