ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒင်ဒဲင်အိမ်ရာဝင်းအတွင်း နိုင်ငံခြားသားတွေကို Pink Card (ပန်းရောင်ကတ်) မမှန်မကန် ထုတ်ပေးခဲ့တယ်ဆိုတဲ့ အမှုကို စုံစမ်းရာမှာ အခန်းတစ်ခန်းတည်းကို လူ ၆၀ ကျော်အထိ နေထိုင်သူအဖြစ် မှတ်ပုံတင်ထားတာ တွေ့ရှိခဲ့ပြီး အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းဒုတိယပြည်ထဲရေးဝန်ကြီး ဝေါရာစစ် လီယန်ပရာစစ်က ဩဂုတ် ၁၈ ရက်မှာ စစ်ဆင်ရေးရလဒ်ကို ထုတ်ဖော်ပြောကြားရာမှာ ဒင်ဒဲင်အိမ်ရာက အခန်း ၃ ခန်းကို ကျပန်းစစ်ဆေးရာ လူ ၁၄၀ ကျော်ကို အဲဒီလိပ်စာတွေမှာ နေထိုင်သူအဖြစ် မှတ်ပုံတင်ထားတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အချို့အခန်းတွေမှာ လူ ၆၀ ကျော်အထိ စာရင်းသွင်းထားတာဟာ သာမန်အိမ်ထောင်စုအရွယ်အစားနဲ့ အလွန်ကွာခြားနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဒင်ဒဲင်အိမ်ရာတစ်ခုလုံးမှာ အခန်း ၅,၀၀၀ ကျော် ရှိတာကြောင့် အခုလို မမှန်မကန် ပန်းရောင်ကတ် ထုတ်ပေးမှုနဲ့ ဆက်စပ်သူ ၁,၀၀၀ ကျော် ရှိနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်ဟာ စုံစမ်းဆဲ ခန့်မှန်းချက်သာ ဖြစ်ပြီး လူ ၁,၀၀၀ ကျော်လုံး ဥပဒေချိုးဖောက်ထားတယ်လို့ အတည်ပြုထားတာ မဟုတ်သေးပါဘူး။
စုံစမ်းစစ်ဆေးမှုအရ ဒီလုပ်ငန်းမှာ အုပ်စု ၄ စု ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမအုပ်စုက နိုင်ငံခြားသားတွေရဲ့ အမည်နဲ့ စာရွက်စာတမ်းတွေ စုဆောင်းပေးတဲ့ မြန်မာပွဲစားတွေ ဖြစ်ပြီး၊ ဒုတိယအုပ်စုက အဲဒီနိုင်ငံခြားသားတွေအတွက် လိပ်စာရှာပေးတဲ့ ထိုင်းပွဲစားတွေ ဖြစ်ပါတယ်။ တတိယအုပ်စုက ကိုယ့်အိမ်လိပ်စာကို မမှန်မကန် မှတ်ပုံတင်ဖို့ ခွင့်ပြုပေးတဲ့ အိမ်ထောင်ဦးစီးတွေဖြစ်ပြီး စတုတ္ထအုပ်စုကတော့ မှတ်ပုံတင်ဒေတာဘေ့စ်ကို ဝင်ရောက်အသုံးပြုပြီး ပန်းရောင်ကတ် ထုတ်ပေးခွင့်ကို အတည်ပြုပေးခဲ့တယ်ဆိုတဲ့ ဒင်ဒဲင်ခရိုင်ရုံးက အစိုးရဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုစစ်ဆင်ရေးအတွင်း လူ ၇ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲမှာ အစိုးရဝန်ထမ်း ၃ ဦး၊ အိမ်ထောင်ဦးစီး ၂ ဦးနဲ့ ပွဲစား ၂ ဦး ပါဝင်ပါတယ်။ အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ ဖမ်းဆီးခံရသူ ၇ ဦးလုံးက စစ်ဆေးမေးမြန်းရာမှာ စွပ်စွဲထားတဲ့ လုပ်ရပ်တွေကို ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက အခုကွန်ရက်ကို ဖော်ထုတ်နိုင်တာဟာ ဒီနှစ်အစောပိုင်း အယုဒ္ဓယခရိုင်မှာ တရားမဝင် နိုင်ငံခြားသားတွေကို စစ်ဆေးဖမ်းဆီးရာက ရရှိခဲ့တဲ့ အချက်အလက်တွေကနေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကနေ ဒင်ဒဲင်ခရိုင်ရုံးမှာ ပန်းရောင်ကတ် ထုတ်ပေးမှုနဲ့ ပတ်သက်တဲ့ မမှန်မကန်မှုတွေကို သတိပြုမိပြီး စုံစမ်းမှု တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စုံစမ်းစစ်ဆေးသူတွေက ဖမ်းဆီးခံရသူတွေရဲ့ ငွေကြေးအလွှဲအပြောင်းတွေ၊ ပွဲစားကွန်ရက်နဲ့ တခြားပါဝင်ပတ်သက်သူတွေ ရှိ၊ မရှိကို ဆက်လက်စစ်ဆေးနေပါတယ်။ အာဏာပိုင်ဘက်က ဒီစစ်ဆင်ရေးဟာ စုံစမ်းမှုရဲ့ အစပိုင်းပဲရှိသေးပြီး အလားတူ မမှန်မကန်မှုတွေ တခြားဒေသတွေမှာပါ ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

