Homeပြည်တွင်းသတင်းမလေးရှားပို့မယ့် မြန်မာ ၉ ဦးကို ရတ်ချဘူရီမှာ ဖမ်းမိ၊ တစ်ဦးလျှင် ဘတ် ၄ သောင်း ပွဲစားခပေးခဲ့ရ

မလေးရှားပို့မယ့် မြန်မာ ၉ ဦးကို ရတ်ချဘူရီမှာ ဖမ်းမိ၊ တစ်ဦးလျှင် ဘတ် ၄ သောင်း ပွဲစားခပေးခဲ့ရ

ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင်မှာ မလေးရှားနိုင်ငံကို ဆက်လက်သွားရောက်အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကို တရားမဝင် ဖြတ်သန်းလာတယ်ဆိုတဲ့ မြန်မာနိုင်ငံသား ၉ ဦး ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူတို့ကို ပို့ဆောင်ပေးတယ်ဆိုတဲ့ ထိုင်းနိုင်ငံသား ၂ ဦးကိုလည်း အရေးယူထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၁၈ ရက် ညနေပိုင်းက ရတ်ချဘူရီခရိုင်၊ ဘန်ပေါင်ရထားဘူတာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကို ရထားနဲ့ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့အထိ ပို့ဆောင်ပြီး အဲဒီကနေ မလေးရှားဘက် ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ရဲဘက်က ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၉ ဦးမှာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး ပါဝင်ပါတယ်။ ရဲက သူတို့ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို စစ်ဆေးရာ ဓာတ်ပုံ၊ အမည်၊ မွေးသက္ကရာဇ် စတဲ့ အချက်အလက်တွေဟာ ကိုင်ဆောင်သူတွေနဲ့ မကိုက်ညီတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲအဆိုအရ မြန်မာနိုင်ငံသား ၉ ဦးဟာ တစ်ဦးကို ဘတ် ၄၀,၀၀၀ စီ မြန်မာပွဲစားတစ်ဦးကို ပေးခဲ့ပြီး မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ဩဂုတ် ၁၅ ရက်ညပိုင်းမှာ ကန်ချနဘူရီခရိုင်က ဘုရားသုံးဆူ နယ်စပ်အနီး တောလမ်းကြောင်းကနေ လမ်းလျှောက်ဝင်ရောက်လာခဲ့တယ်လို့ စစ်ဆေးရာမှာ ထွက်ဆိုထားကြောင်း ထိုင်းရဲက ပြောပါတယ်။

ထိုင်းနိုင်ငံထဲ ဝင်ရောက်ပြီးနောက် အမည်မသိ ထိုင်းအမျိုးသားတစ်ဦးက ကားနဲ့ လာရောက်ခေါ်ဆောင်ခဲ့ပြီး နောက်ပိုင်း ဘန်ပေါင်ရထားဘူတာကနေ ဟတ်ယိုင်ဘက် ရထားစီးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သူတို့တစ်ဦးချင်းစီကို အခြားသူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေ ပေးထားပြီး ခရီးသွားချိန် အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသား ကားမောင်းသူတစ်ဦးနဲ့ ခရီးလမ်းညွှန်၊ ဆက်သွယ်ညှိနှိုင်းပေးသူအဖြစ် လိုက်ပါလာတဲ့ အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကိုလည်း ရဲက ဖမ်းဆီးထားပါတယ်။

ကားမောင်းသူက မြန်မာ ၉ ဦးကို ကန်ချနဘူရီကနေ ဘန်ပေါင်ရထားဘူတာအထိ ပို့ပေးဖို့ တစ်ကြိမ် ဘတ် ၆,၀၀၀ ရပြီး ဟတ်ယိုင်အထိ ခရီးစဉ်ပြီးဆုံးရင် နောက်ထပ် ဘတ် ၃,၀၀၀ ရမယ်လို့ ထွက်ဆိုထားကြောင်း ရဲက ဆိုပါတယ်။ သူဟာ ဒီလို ပို့ဆောင်မှုကို အရင်က ၃ ကြိမ်ကနေ ၄ ကြိမ်အထိ လုပ်ခဲ့ဖူးတယ်လို့လည်း ရဲဘက်က ပြောပါတယ်။

ထိုင်းရဲက မြန်မာနိုင်ငံသား ၉ ဦးကို တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အခြားသူရဲ့ နိုင်ငံကူးလက်မှတ်ကို မမှန်မကန် အသုံးပြုမှု စွပ်စွဲချက်တွေနဲ့ အရေးယူထားပါတယ်။ ထိုင်းနိုင်ငံသား ၂ ဦးကိုတော့ တရားမဝင် ဝင်ရောက်လာသူတွေကို သိလျက်နဲ့ ကူညီပို့ဆောင်ပြီး ဖမ်းဆီးမှုကနေ လွတ်မြောက်အောင် ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ထားပါတယ်။

ရတ်ချဘူရီ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံကတဆင့် မလေးရှားအထိ ပို့ဆောင်နေတဲ့ ကွန်ရက်တစ်ခုနဲ့ ဆက်နွှယ်နိုင်တာကြောင့် မြန်မာနဲ့ ထိုင်းပွဲစားတွေ အပါအဝင် နောက်ကွယ်က ပါဝင်သူတွေကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။

Related News

Most Read