Homeပြည်တွင်းသတင်းရှီကျင့်ဖျင် အိမ်ဖြူတော်သွားဖို့ တစ်လခန့်အလို တရုတ်က ဦးမင်းဇင်ကို မတရားဖမ်းဆီးထားတယ်လို့ အမေရိကန်သတ်မှတ်

ရှီကျင့်ဖျင် အိမ်ဖြူတော်သွားဖို့ တစ်လခန့်အလို တရုတ်က ဦးမင်းဇင်ကို မတရားဖမ်းဆီးထားတယ်လို့ အမေရိကန်သတ်မှတ်

ဩဂုတ် ၂၁၊ ၂၀၂၆ | New Day Myanmar

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ဖမ်းဆီးခံထားရတဲ့ မြန်မာ့အရေး သုတေသီနဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင် ကို “မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ” (wrongfully detained) အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတ်မှတ်လိုက်ပါတယ်။ ဒီသတ်မှတ်ချက်ကြောင့် ဦးမင်းဇင် လွတ်မြောက်ရေးဟာ အမေရိကန်အစိုးရရဲ့ ဦးစားပေး သံတမန်ရေးကိစ္စတစ်ခု ဖြစ်လာပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဦးမင်းဇင် ဖမ်းဆီးခံရတဲ့ အခြေအနေတွေကို အသေးစိတ် ပြန်လည်သုံးသပ်ပြီးနောက် မတရားဖမ်းဆီးခံထားရတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဦးမင်းဇင်ဟာ မြန်မာ့နိုင်ငံရေးနဲ့ မဟာဗျူဟာရေးရာ သုတေသနအဖွဲ့ Institute for Strategy and Policy (ISP) ကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ကူမင်းမြို့မှာ ကျင်းပမယ့် ပညာရေးဆိုင်ရာ ညီလာခံတစ်ခု တက်ရောက်ဖို့ ဇွန် ၃ ရက်မှာ ယူနန်ပြည်နယ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လေဆိပ်ရောက်ချိန်မှာပဲ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ဘက်က ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးအဆိုအရ ဦးမင်းဇင်ဟာ ဖမ်းဆီးခံရပြီးနောက် ၁၁ ပတ်နီးပါး သီးခြားခွဲထားခံရပြီး အကြိမ်ကြိမ် စစ်ဆေးမေးမြန်းခံနေရပါတယ်။ ဖမ်းဆီးခံရချိန်က သူ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ၄၈ နာရီခန့်အထိ ဘယ်မှာရှိတယ်ဆိုတာ မသိခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

နောက်ပိုင်း ယူနန်အာဏာပိုင်တွေက ဦးမင်းဇင်ကို တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန်သံရုံးကို အသိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဦးမင်းဇင်ကို သူလျှိုလုပ်တယ်လို့ သံသယရှိပြီး အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာဖြစ်ကြောင်း ဇွန်လက အတည်ပြုထားပါတယ်။

ဦးမင်းဇင်အပေါ် စွပ်စွဲချက်တွေကို တရားရုံးက အပြီးသတ်ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ တရုတ်ဘက်ကတော့ နိုင်ငံအတွင်း “မတရားဖမ်းဆီးမှု” မရှိဘဲ အမှုတွေကို ဥပဒေအတိုင်း ကိုင်တွယ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အခုလို အမေရိကန်ဘက်က တရားဝင်သတ်မှတ်လိုက်တာဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် က စက်တင်ဘာ ၂၄ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ စီစဉ်ထားချိန်မတိုင်ခင် တစ်လခန့်အလိုမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဦးမင်းဇင်ကို ထောက်ခံသူတွေကလည်း ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မတိုင်ခင် ဦးမင်းဇင်ကို လွှတ်ပေးဖို့ တရုတ်ဘက်ကို ထရမ့်အစိုးရက ဖိအားပေးဖို့ တောင်းဆိုထားကြပါတယ်။

ဦးမင်းဇင်ဟာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး အမေရိကန်နိုင်ငံ University of California, Berkeley မှာ နိုင်ငံရေးသိပ္ပံ ပညာသင်ယူခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ISP ရဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံပြင်ပ ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ပြီး ဖမ်းဆီးမခံရခင် ထိုင်းနိုင်ငံမှာ အဓိက နေထိုင်ခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။

“Wrongfully detained” လို့ သတ်မှတ်တာဟာ အမေရိကန်အစိုးရအနေနဲ့ သက်ဆိုင်သူ လွတ်မြောက်ရေးကို ပုံမှန် ကောင်စစ်ဝန်ကိစ္စတစ်ခုထက် ပိုမိုဦးစားပေး ကိုင်တွယ်နိုင်စေတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဦးမင်းဇင်အပြင် တရုတ်မှာ ဖမ်းဆီးခံထားရတဲ့ တခြားအမေရိကန်နိုင်ငံသားတွေကိုပါ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

Related News

Most Read