၁၃ မေ ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီကနေ့ မေလ ၁၃ ရက် ညနေပိုင်းမှာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကို သမ္မတစီးတော်လေယာဉ် Air Force One နဲ့ ရောက်ရှိလာပါတယ်။
ထရမ့်ကို တရုတ်ဒုတိယသမ္မတက လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့တာကို တွေ့ရပါတယ်။
ထရမ့်ရဲ့ ခရီးစဉ်ဟာ မေလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကြာမြင့်မှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။
သမ္မတနှစ်ဦးဟာ အီရန်စစ်ရေးအခြေအနေ၊ ထိုင်ဝမ်အရေး၊ ဉာဏ်ရည်တုနည်းပညာ (AI) အနာဂတ်နဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးကိစ္စတွေ အပါအဝင် ကဏ္ဍပေါင်းစုံကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်မှာ ထရမ့် ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည်တာဝန်ယူပြီးနောက် တရုတ်အပေါ် ပစ်မှတ်ထားတဲ့ ကုန်သွယ်ရေးဖိအားပေး မူဝါဒတွေ ချမှတ်ခဲ့တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဆက်ဆံမှု အေးစက်နေမှုတွေကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်ဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
အခုတစ်ကြိမ် တွေ့ဆုံမှုဟာ ခြောက်လအတွင်း သူတို့နှစ်ဦး ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်လာမှာဖြစ်ပါတယ်။
ထရမ့်ဟာ မေလ ၁၃ ရက်မှာ ဘေဂျင်းကို ရောက်ရှိလာပြီး မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာတော့ ရှီကျင့်ဖျင်နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါ့အပြင် ဒီခရီးစဉ်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ထရမ့်ရဲ့ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အဖြစ်လည်း မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။


