၁၆ ဇွန် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်က ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်ဟာကိုယ် ဝေ၊ စစ်ဝတ်စုံချွတ်၊ အရပ်ဝတ်ဝတ်၊ သမ္မတ ဆိုတဲ့ နာမည်ကပ်လိုက်ရင်ပဲ ဒီမိုကရေစီရနံ့လေး ထွက်လာပြီလို့ ယုံကြည်စေချင်တဲ့ ခေတ်ကို ရောက်နေပါပြီ။
အဲဒီ အကျိုးနဲအရပ်သားသမ္မတအသစ်စက်စက် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ဇွန်လ ၁၅ ရက် တနင်္လာနေ့မှာ ဘေဂျင်းကို ရောက်ရှိသွားတယ်လို့ စစ်အုပ်စုနဲ့ တရုတ်အစိုးရမီဒီယာတွေက ဖော်ပြထားပါတယ်။ ဇွန်လ ၁၆ ရက်မှာတော့ ရှီနဲ့တွေ့နေပါပြီတဲ့။
၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်ကို သေနတ်နဲ့ ပြုပြင်ထိန်းသိမ်း ခဲ့တဲ့ မင်းအောင်လှိုင်ဟာ ဧပြီလမှာတော့ အရပ်သားသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဒီလိုနဲ့ စစ်အာဏာသိမ်းမှုကြီးဟာ နိုင်ငံရေးအလှပြင်ဆိုင်ဝင်ပြီးနောက် အရပ်သားအစိုးရ ဆိုတဲ့ မိတ်ကပ်လိမ်းထားတဲ့ ပုံစံသစ်နဲ့ ပြန်ထွက်လာတာ ဖြစ်ပါတယ်။
တကယ်တော့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးဘဝဟာ နာမည်ပြောင်းရတာကို အတော်စိတ်ဝင်စားပုံရပါတယ်။ အရင်က ဗိုလ်ချုပ်မှူးကြီး၊ နောက်တော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အခုတော့ သမ္မတ။ နောက်တစ်ဆင့်မှာ ပြည်သူချစ်သော ဒီမိုကရေစီဖခင်ကြီးလို့ပါ ခေါ်ခိုင်းလာမလားဆိုတာ တော့ မပြောတတ်ပါဘူး။
ဒီတရုတ်ခရီးစဉ်ဟာ သူ့အတွက် ဧပြီလနောက်ပိုင်း ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်ဖြစ်ပြီး ပထမဆုံးက အိန္ဒိယခရီးစဉ် ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုမှုမှာ အောက်ဆီဂျင်နည်းနေတဲ့ အုပ်ချုပ်ရေးတစ်ခုအတွက်တော့ ဒီလိုခရီးစဉ်တွေဟာ ဆေးရုံတင်ထားတဲ့ နိုင်ငံရေးရဲ့ အသက်ရှူကိရိယာလို အရေးကြီးနေပါတယ်။
ဘေဂျင်းဘက်ကတော့ မြန်မာနဲ့ အလုံးစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစေချင်တယ်လို့ ပြောထားပါတယ်။ မြန်မာပြည်သူတွေကတော့ အလုံးစုံ ဆိုတဲ့ စကားလုံးကြားတိုင်း နားထဲမှာ ငွေကြေး၊ သဘာဝဓာတ်ငွေ့၊ သယံဇာတ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ လုံခြုံရေးနဲ့ တရုတ်အကျိုးစီးပွားဆိုတဲ့ အသံတွေ တပြိုင်နက်တည်း မြည်လာတတ်ပါတယ်။
အဲဒီ အလုံးစုံ ထဲမှာ ပြည်သူ့ဆန္ဒ ကတော့ ထုံးစံအတိုင်း စားပွဲခုံအောက်မှာပဲ ကျန်ခဲ့ပုံရပါတယ်။
ခရီးစဉ်အတွင်း မင်းအောင်လှိုင်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်၊ ထိပ်တန်းဥပဒေပြုခေါင်းဆောင် ကျောက်လယ်ကျီတို့နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆင့်မြင့်နည်းပညာလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာမယ်လို့ စစ်အုပ်စုမီဒီယာတွေက ဖော်ပြပါတယ်။
မြန်မာပြည်သူတွေဘက်ကတော့ အဆင့်မြင့်နည်းပညာထက် မီးပုံမှန်လာဖို့၊ အင်တာနက်မဖြတ်ဖို့၊ ဆန်ဈေးမတက်ဖို့၊ ငွေလဲနှုန်းမပြိုဖို့၊ လေကြောင်းတိုက်ခိုက်မှုမရှိဖို့နဲ့ နေ့စဉ်အသက်ရှင်ဖို့လိုတဲ့ အခြေခံရှင်သန်ရေးပညာ တွေကိုပဲ အရင်လိုအပ်နေကြတာပါ။
မင်းအောင်လှိုင်က တရုတ်မှာ high-tech industry လေ့လာနေချိန် မြန်မာပြည်ထဲမှာတော့ ပြည်သူတွေက low-tech survival ကို နေ့တိုင်း လေ့လာနေရပါတယ်။ မီးမလာတဲ့အချိန် ဖုန်းဘက်ထရီ ဘယ်လိုချွေတာမလဲ၊ ငွေတန်ဖိုးကျတဲ့အချိန် ဆန်တစ်အိတ် ဘယ်လိုဝယ်မလဲ၊ စစ်မှုထမ်းပေါ်တာ ဘယ်လိုရှောင်ပြေးမလဲဆိုတာတွေက ပြည်သူ့နေ့စဉ်သင်ရိုးညွှန်းတမ်း ဖြစ်လာနေပါတယ်။
တရုတ်အတွက် မြန်မာဟာ ကီလိုမီတာ ၂,၁၀၀ ကျော် နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေ ဒီမိုကရေစီရမရထက် မြန်မာနိုင်ငံ မပြိုကွဲရေး၊ သူ့ရဲ့နယ်စပ်မရှုပ်ရေး၊ တရုတ်အကျိုးပါတဲ့ စီးပွားရေးလမ်းကြောင်းတွေ မပျက်ရေးက ပိုအရေးကြီးနေတယ်ဆိုတာလည်း အံ့ဩစရာမဟုတ်ပါဘူး။
မြန်မာပြည်သူတွေအတွက်တော့ တရုတ်ရဲ့ တည်ငြိမ်ရေး ဆိုတဲ့ စကားလုံးဟာ အာဏာရှိသူ တည်ငြိမ်ရေး၊ စီမံကိန်းတွေ တည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်ရေး တည်ငြိမ်ရေးကို ဆိုလိုပြီး ပြည်သူ့ဘဝ တည်ငြိမ်ရေးမဟုတ်ဘူးဆိုတာ နားလည်ထားကြပါတယ်။
စစ်အုပ်စုဘက်ကတော့ ဒီခရီးစဉ်ကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖော်ပြနေပါတယ်။ ချစ်ကြည်ရေးဆိုတာ ဘယ်သူနဲ့ ဘယ်သူကြားက ချစ်ကြည်ရေးလဲဆိုတာတော့ မေးစရာရှိပါတယ်။ ပြည်သူနဲ့ အာဏာရှင်ကြားက ချစ်ကြည်ရေးမဟုတ်တာတော့ သေချာပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး အားလုံးပြိုကျနေတဲ့ နိုင်ငံတစ်ခုမှာ အသွင်ပြောင်းအာဏာရှင်သမ္မတ ကနိုင်ငံခြားခရီးတွေထွက်ပြီး မိတ်ဆွေရှာနေတာဟာ မီးလောင်နေတဲ့အိမ်ရှေ့မှာ ပန်းအိုးပြောင်းစိုက်နေသလိုပါပဲ။
အိမ်ထဲက လူတွေက မီးခိုးမွှန်နေကြတယ်။ အပြင်ကနေတော့ အိမ်မျက်နှာစာ အရမ်းလှလာပါပြီ လို့ ကြော်ငြာနေပါတယ်။
မင်းအောင်လှိုင်ရဲ့ သမ္မတဘဝဟာလည်း ထိုနည်းတူပါပဲ။ စစ်အာဏာကို မူရင်းအတိုင်း ထားပြီး အပေါ်ကနေ အရပ်သားဆိုင်းဘုတ်တင်ထားတာ ဖြစ်ပါတယ်။ ဆိုင်အဟောင်းကို နာမည်အသစ်ပြောင်းလိုက်တာနဲ့ အစားအသောက်အရသာ မပြောင်းသလို၊ စစ်အုပ်ချုပ်ရေးကို သမ္မတရုံးဆိုင်းဘုတ်တင်လိုက်တာနဲ့ ဒီမိုကရေစီ မဖြစ်နိုင်ပါဘူး။
တကယ်လို့ နာမည်ပြောင်းတာနဲ့ အရာအားလုံးပြောင်းသွားတယ်ဆိုရင် မြန်မာပြည်သူတွေလည်း မိမိတို့ဒုက္ခကို ဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံ လို့ ပြောင်းခေါ်လိုက်ရုံနဲ့ စိတ်ချမ်းသာသွားသင့်ပါတယ်။
ဒါပေမဲ့ ပြည်သူတွေ ကြုံနေရတာက စကားလုံးမဟုတ်ပါဘူး။ တကယ့်ပစ်ခတ်မှု၊ တကယ့်ဖမ်းဆီးမှု၊ တကယ့်စီးပွားရေးကျပ်တည်းမှု၊ တကယ့်ထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်ပါတယ်။
ဘေဂျင်းမှာတော့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တွေ ဆွေးနွေးကြမယ်။
မြန်မာပြည်ထဲမှာတော့ မိသားစုတွေက မနက်ဖြန် ဆန်ဖိုးဘယ်လိုရှာမလဲ၊ လေယာဉ်သံကြားရင် ဘယ်နေရာပြေးမလဲ၊ စစ်ဆေးရေးဂိတ်မှာ ဘယ်လိုဖြတ်မလဲဆိုတာ ဆွေးနွေးနေကြရပါတယ်။
ဒါကြောင့် ဒီခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် ချစ်ကြည်ရေးခရီးစဉ်တစ်ခုထက် စစ်အုပ်ချုပ်ရေးရဲ့ နိုင်ငံရေးမိတ်ကပ်ခရီးစဉ်တစ်ခုပါပဲ။
စစ်ဝတ်စုံကို အရပ်ဝတ်နဲ့ အစားထိုးနိုင်ပေမယ့် သေနတ်အာဏာကို ပြည်သူ့ဆန္ဒနဲ့ အစားမထိုးနိုင်သရွေ့ ဒီမိုကရေစီဆိုတာ စင်မြင့်ပေါ်က စကားလုံးသာ ဖြစ်နေဦးမှာပါ။
နောက်ဆုံးတော့ မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က ပြောပြနေတဲ့ အဓိပ္ပာယ်က ရှင်းပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတဆိုတာ ပြည်သူက ရွေးချယ်တာမဟုတ်ဘဲ အာဏာရှိသူက ကိုယ့်ကိုယ်ကို ခေါ်ချင်သလို ခေါ်လို့ရတဲ့ ရာထူးနာမည်တစ်ခု အပြင် တရုတ်ကြောက် ရောဂါရနေတဲ့ အာဏာရှင်ကို ခေါ်တဲ့ နာမည်ပါပဲ။


