Homeဆောင်းပါးစစ်အုပ်စုရဲ့ အတုအယောင်ငွေလဲနှုန်း စနစ်အောက်မှာ နာလန်မထူနိုင်တော့တဲ့ မြန်မာ့စီးပွားရေး

စစ်အုပ်စုရဲ့ အတုအယောင်ငွေလဲနှုန်း စနစ်အောက်မှာ နာလန်မထူနိုင်တော့တဲ့ မြန်မာ့စီးပွားရေး

၁၆ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာစစ်အုပ်စုက နိုင်ငံခြားငွေလဲနှုန်းတွေကို ဈေးကွက်ပေါက်ဈေးထက် အလွန်နိမ့်တဲ့ နှုန်းထားတွေနဲ့ ထိန်းချုပ်ထားတာကြောင့် မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူနိုင်ခြေကို ထိခိုက်စေပြီး ရေရှည်စီးပွားရေးပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလမှာ စစ်အုပ်စုရဲ့ အရပ်သားအသွင်ပြောင်းအုပ်ချုပ်ရေးပုံစံသစ် ထွက်ပေါ်လာပြီးနောက် ရက် ၁၀၀ စီမံချက်ကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီစီမံချက်ထဲမှာ စီးပွားရေးဆိုင်ရာ မူဝါဒတိတိကျကျ ပါဝင်မှု မရှိသလောက်ပါပဲ။

အဲဒီစီမံချက်မှာ စိုက်ပျိုးရေးတိုးတက်ရေး၊ ကျေးလက်ချေးငွေ တိုးမြှင့်ရေးနဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအချို့ကိုသာ အကြမ်းဖျင်း ဖော်ပြထားပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် ရှင်းလင်းတဲ့ ပုံစံကို မတွေ့ရပါဘူး။

ဒါပေမဲ့ လက်ရှိစစ်အုပ်စုဟာ အရင် စစ်ကောင်စီ လက်ထက်က စတင်ကျင့်သုံးခဲ့တဲ့ ငွေလဲနှုန်းအများအပြားနဲ့ ထိန်းချုပ်တဲ့ စနစ်ကို ဆက်လက်ထားရှိမယ့် အခြေအနေမှာပဲရှိနေပါတယ်။

အဲဒီစနစ်မှာ စစ်အုပ်စု သတ်မှတ်ထားတဲ့ တရားဝင် ငွေလဲနှုန်းတွေဟာ ဈေးကွက်ပေါက်ဈေးထက် အလွန်နိမ့်နေပြီး မြန်မာကျပ်ငွေကို အမှန်တကယ် တန်ဖိုးထက် ပိုတန်သယောင် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီလို ငွေတန်ဖိုးကို အတင်းအကျပ် မြှင့်ထားတဲ့ မူဝါဒကြောင့် ပို့ကုန်ဝင်ငွေ လျော့ကျတာ၊ ပို့ကုန်ပမာဏ ကျဆင်းတာ၊ သွင်းကုန်ရှားပါးတာ၊ တရားမဝင်စီးပွားရေး လမ်းကြောင်းတွေ တိုးလာတာနဲ့ သွင်းကုန်ဈေးနှုန်းတွေ မတည်ငြိမ်တာ စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်နေပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ငွေလဲနှုန်းတွေကို တင်းကျပ်စွာ ထိန်းချုပ်လာခဲ့ပါတယ်။ ၂၀၂၂ ဧပြီလမှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ် ၁,၈၅၀ ကျပ် သတ်မှတ်ခဲ့ပြီး ၂၀၂၂ သြဂုတ်လမှာ ၂,၁၀၀ ကျပ်အထိ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ၂,၁၀၀ ကျပ်နှုန်းဟာ တရားဝင် ငွေလဲနှုန်းအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။

ဗဟိုဘဏ်က နောက်ထပ် online platform rate ကိုလည်း သတ်မှတ်ခဲ့ပြီး ၂၀၂၆ မေလကုန်အထိ အဲဒီနှုန်းဟာ အမေရိကန် ၁ ဒေါ်လာကို ၃,၆၅၈ ကျပ် ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ပြင်ပဈေးကွက်ပေါက်ဈေးဟာ ၁ ဒေါ်လာကို ၄,၂၄၅ ကျပ်အထိ ရှိနေပါတယ်။

အဲဒီအချက်အရ စစ်အုပ်စု သတ်မှတ်ထားတဲ့ အဓိက တရားဝင်နှုန်း ၂ မျိုးဟာ ပြင်ပဈေးကွက်နဲ့ နှိုင်းယှဉ်ရင် ၁၆ ရာခိုင်နှုန်းနဲ့ ၁၀၂ ရာခိုင်နှုန်းအထိ ဈေးကွက်တန်ဖိုးထက် ကွာခြားနေတာဖြစ်ပါတယ်။

စစ်အုပ်စုက လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဲဒီတရားဝင်နှုန်းထားတွေကို မဖြစ်မနေ သုံးစွဲစေဖို့ ကုန်သွယ်ခွင့်လိုင်စင်၊ သွင်းကုန်ခွင့်၊ ပို့ကုန်ခွင့်နဲ့ အခြားထိန်းချုပ်မှုတွေကို အသုံးပြုနေပါတယ်။

ဒီမူဝါဒက ပထမဆုံး ထိခိုက်စေတာက ပို့ကုန်လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေဟာ အမေရိကန်ဒေါ်လာ သို့မဟုတ် အခြားနိုင်ငံခြားငွေတွေကို မြန်မာနိုင်ငံထဲ ပြန်လည်သွင်းလာတဲ့အခါ အဲဒီငွေတွေကို စစ်အုပ်စု သတ်မှတ်ထားတဲ့ တရားဝင်နှုန်း ဒါမှမဟုတ် ဗဟိုဘဏ်သတ်မှာစျေးနဲ့ မြန်မာကျပ်အဖြစ် ပြောင်းလဲရပါတယ်။

ပို့ကုန်လုပ်ငန်းအများစုဟာ ရရှိတဲ့ နိုင်ငံခြားငွေထဲက ၁၅ ရာခိုင်နှုန်းကို တရားဝင် ၂,၁၀၀ ကျပ်နှုန်းနဲ့ ပြောင်းလဲရပြီး ၈၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှာစျေး ဖြစ်တဲ့ ၃,၆၅၈ ကျပ်နှုန်းနဲ့ ပြောင်းလဲရပါတယ်။

ဒါကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေဟာ သူတို့ရရှိတဲ့ အမေရိကန် ၁ ဒေါ်လာတိုင်းအတွက် ပျမ်းမျှ မြန်မာကျပ် ၃,၄၂၃ ကျပ်ခန့်သာ ရရှိပါတယ်။

အထည်ချုပ်လုပ်ငန်းလို လုပ်ငန်းအချို့ကတော့ ဝင်ငွေအားလုံးကို ဗဟိုဘဏ်သတ်မှာစျေး နဲ့ ပြောင်းလဲခွင့်ရတဲ့အတွက် ၁ ဒေါ်လာကို ၃,၆၅၈ ကျပ် ရရှိနိုင်ပေမဲ့ ပြင်ပဈေးကွက်ပေါက်ဈေး ၄,၂၄၅ ကျပ်နဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေဆဲ ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ ပို့ကုန်လုပ်ငန်းတွေဟာ သူတို့ရောင်းချရရှိတဲ့ နိုင်ငံခြားငွေအတွက် မြန်မာကျပ်ဝင်ငွေ လျော့နည်းသွားပါတယ်။

ဒီလိုဝင်ငွေလျော့နည်းမှုက အလုပ်သမားလစာပေးချေမှု၊ လယ်သမားတွေထံက သီးနှံဝယ်ယူမှုနဲ့ လုပ်ငန်းပြန်လည်ရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။

ဝင်ငွေနည်းလာတဲ့အတွက် အလုပ်အကိုင်နဲ့ လစာအခွင့်အလမ်းတွေ ပိုမိုကောင်းမွန်တဲ့ နိုင်ငံခြားကို ထွက်ခွာအလုပ်လုပ်လိုသူတွေ ပိုများလာနိုင်ပြီး လူငယ်နဲ့ လုပ်သားအင်အား ပြည်ပထွက်ခွာမှုကိုလည်း တွန်းအားပေးလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လုပ်သားတွေက ကျွမ်းကျင်မှုတိုးတက်ရေးမှာ ရင်းနှီးမြှုပ်နှံချင်စိတ် လျော့နည်းလာသလို လုပ်ငန်းရှင်တွေအနေနဲ့လည်း စက်ပစ္စည်း၊ နည်းပညာနဲ့ ထုတ်လုပ်မှုစွမ်းရည် တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာနေပါတယ်။

အချို့လုပ်ငန်းတွေကတော့ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျလာပြီး ပို့ကုန်လုပ်ငန်းကို လုံးဝရပ်နားသွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။

ဒီမူဝါဒက နောက်ထပ်ဖြစ်စေတဲ့ ပြဿနာတခုကတော့ လုပ်ငန်းရှင်တွေကို အစိုးရအာဏာရှိသူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ပြီး နိုင်ငံခြားငွေ ရရှိခွင့်ရဖို့ ကြိုးစားစေတဲ့ ဩဇာသုံးပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ရပ်တွေကို အားပေးသလို ဖြစ်နေတာပါ။

စိုက်ပျိုးရေးကဏ္ဍကတော့ ဒီမူဝါဒကြောင်း ဆိုးဆိုးရွားရွားကို ထိခိုက်ပါတယ်။

စိုက်ပျိုးရေးဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ပို့ကုန်ကဏ္ဍတခုဖြစ်ပြီး နိုင်ငံအလုပ်အကိုင် စုစုပေါင်းရဲ့ သုံးပုံတပုံကျော်ကိုလည်း ကိုယ်စားပြုပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေးဟာ ပြည်သူတွေရဲ့ အဓိက ဝင်ငွေရင်းမြစ် ဖြစ်ပါတယ်။

ပို့ကုန်ဝင်ငွေလျော့နည်းလာတာက လယ်သမားတွေရဲ့ ဝင်ငွေကို တိုက်ရိုက်ထိခိုက်စေပြီး မြေဩဇာသုံးစွဲမှု လျော့နည်းတာ၊ ထုတ်လုပ်မှုတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှု လျော့နည်းတာနဲ့ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်တွေမှာ ရေရှည်ရင်းနှီးမြှုပ်နှံမှု အားနည်းလာတာတွေ ဖြစ်စေပါတယ်။

အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒီစီးပွားရေးဖိအားတွေက ကျေးလက်လုပ်သားတွေ ပြည်ပထွက်ခွာမှုကို ပိုမိုမြှင့်တင်စေပြီး စိုက်ပျိုးရေးလုပ်သားရှားပါးမှုနဲ့ နေ့စားခတက်လာမှုတွေကို ဖြစ်လာစေပါတယ်။

သီအိုရီအရ မြန်မာကျပ်ငွေကို အတင်းအကျပ်တန်ဖိုးမြှင့်ထားရင် သွင်းကုန်တွေဟာ မြန်မာကျပ်နဲ့တွက်ရင် ပိုဈေးသက်သာရပါမယ်။ ဒါပေမဲ့ တကယ့်အခြေအနေမှာတော့ နိုင်ငံခြားငွေ မလုံလောက်ခြင်းနဲ့ သွင်းကုန်လိုအပ်ချက် မြင့်မားတာကြောင့် ပစ္စည်းရှားပါးမှုတွေ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ အရင်က လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ သွင်းကုန်အများအပြားဟာ လက်ရှိမှာ မရနိုင်တော့တာမျိုး ဖြစ်နေပါတယ်။ တချို့သွင်းကုန်တွေကတော့ မှောင်ခိုဈေးကွက်ထဲမှာ ဈေးမြင့်ပြီး ပြန်လည်ရောင်းချနေကြပါတယ်။

ဈေးသက်သာတဲ့ နိုင်ငံခြားငွေကို ဝင်ရောက်အသုံးပြုခွင့်ရတဲ့ ချမ်းသာသူတွေ၊ အာဏာနဲ့နီးစပ်သူတွေကသာ အဲဒီသွင်းကုန်တွေကို ပိုမိုရရှိနိုင်ပြီး အကျိုးခံစားခွင့်ရနေပါတယ်။

အာဏာနဲ့နီးစပ်တဲ့ သွင်းကုန်လုပ်ငန်းရှင်အချို့ကလည်း ဈေးသက်သာတဲ့ နိုင်ငံခြားငွေနှုန်းနဲ့ သွင်းကုန်ဝယ်ယူပြီး ဈေးကွက်ပေါက်ဈေးနဲ့ ပြန်လည်ရောင်းချနိုင်တဲ့ အကျိုးအမြတ်တွေ ရရှိနေကြပါတယ်။

ဒါပေမဲ့ ဝင်ငွေနိမ့်နဲ့ အလယ်အလတ်အောက် အိမ်ထောင်စုတွေအတွက်တော့ ဒီမူဝါဒက အကျိုးကျေးဇူး မရှိသလောက် ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအိမ်ထောင်စုတွေဟာ သူတို့ဝင်ငွေအများစုကို အစားအစာအတွက် သုံးစွဲရပြီး အစားအစာအများစုကလည်း ပြည်တွင်းထုတ်ကုန်တွေ ဖြစ်နေတာကြောင့်ပါ။

မြန်မာကျပ်ငွေကို အတင်းအကျပ် တန်ဖိုးမြှင့်ထားတာက ပြည်တွင်းထုတ်လုပ်မှုကို အစားထိုးနိုင်မယ့် လုပ်ငန်းတွေကိုလည်း ထိခိုက်စေပါတယ်။ သွင်းကုန်ပြိုင်ဘက်တွေကို အတုအယောင် ဈေးသက်သာစေတဲ့အတွက် ပြည်တွင်းထုတ်လုပ်သူတွေ ယှဉ်ပြိုင်ရခက်လာပါတယ်။

ဥပမာအားဖြင့် စားအုန်းဆီကဏ္ဍမှာ ပြည်တွင်းထုတ်လုပ်သူတွေဟာ ဈေးသက်သာတဲ့ သွင်းကုန်တွေနဲ့ ယှဉ်ပြိုင်ရတာကြောင့် ထိခိုက်နိုင်ပါတယ်။

ဒါပေမဲ့ စစ်အုပ်စုရဲ့ မူဝါဒတွေဟာ လက်တွေ့မှာ မတည်ငြိမ်လွန်းတဲ့အတွက် လူအများစုက သတ်မှတ်နှုန်းထားတွေကို လိုက်နာအသုံးပြုနိုင်ခြင်း မရှိပါဘူး။ စားသုံးသူအများစုဟာ စားအုန်းဆီကို စစ်အုပ်စု သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးထက် သုံးဆခန့် မြင့်တဲ့ ဈေးကွက်ပေါက်ဈေးနဲ့ပဲ ဝယ်ယူနေရပါတယ်။

နောက်ဆုံးအနေနဲ့ ငွေလဲနှုန်းကို အတင်းအကျပ် ထိန်းချုပ်ထားတာဟာ တရားမဝင်စီးပွားရေး လမ်းကြောင်းတွေကိုလည်း အားပေးနေပါတယ်။

ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံပြင်ပသို့ တရားမဝင် သို့မဟုတ် စည်းမျဉ်းပြင်ပနည်းလမ်းနဲ့ ထုတ်နိုင်သူတွေ၊ နိုင်ငံခြားငွေကို တရားဝင်စနစ်ပြင်ပကနေ ပြန်သွင်းနိုင်သူတွေဟာ တရားဝင်လုပ်ကိုင်သူတွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုအကျိုးအမြတ် ရရှိနေပါတယ်။

အကြောင်းကတော့ သူတို့ဟာ ပို့ကုန်ဝင်ငွေကနေ မြန်မာကျပ်အဖြစ် ပြန်လည်ပြောင်းလဲရာမှာ တရားဝင်နှုန်းထက် ၂၅ ရာခိုင်နှုန်းခန့် ပိုမိုရရှိနိုင်တာကြောင့်ပါ။

ဒါကြောင့် under-invoicing လို့ခေါ်တဲ့ ကုန်တန်ဖိုးကို အမှန်ထက် လျော့ဖော်ပြခြင်း၊ shell company လို့ခေါ်တဲ့ အမည်ခံကုမ္ပဏီတွေ အသုံးပြုခြင်းနဲ့ တရားဝင်စနစ်ပြင်ပ ငွေလွှဲလမ်းကြောင်းတွေ အသုံးပြုခြင်းတွေ ပိုများလာနိုင်ပါတယ်။

ဒီလို လှည့်စားမှုတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီ လက်ထက်ကတည်းက စတင်ခဲ့ပြီး နောက်ပိုင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အမည်နဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ စစ်အုပ်စုက ပို့ကုန်နဲ့ ငွေလွှဲလမ်းကြောင်းတွေကို ကန့်သတ်ထိန်းချုပ်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။

ဒါပေမဲ့ တရားမဝင်လမ်းကြောင်းကနေ လုပ်ကိုင်ရင် ပိုမိုအကျိုးရှိနေတဲ့ မက်လုံးတွေ မပျောက်သေးတဲ့အတွက် ထိန်းချုပ်မှုတွေရှိနေပေမဲ့ ပုံမှန်မဟုတ်တဲ့ စီးပွားရေးပုံစံ ဟာ ဆက်လက်ကြီးထွားနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒီမူဝါဒတွေရဲ့ ရေရှည်အကျိုးဆက်တွေက စိုးရိမ်စရာကောင်းပါတယ်။ လစာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့ကျစေပြီး ရင်းနှီးမြှုပ်နှံမှုကို အားနည်းစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နိုင်ငံခြားငွေရှားပါးမှုကို ပိုမိုဆိုးရွားစေပါတယ်။

ဒါ့အပြင် မြန်မာ့ပို့ကုန်လုပ်ငန်းတွေကို ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်းစေပြီး စက်မှုအခြေခံကို ထိခိုက်စေပါတယ်။ ပို့ကုန်အခြေပြု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း မြန်မာနိုင်ငံကို စိတ်ဝင်စားမှု လျော့နည်းစေနိုင်ပါတယ်။

ငွေတန်ဖိုးကို အတင်းအကျပ် မြှင့်ထားတဲ့ မူဝါဒတွေဟာ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံခြားငွေရှာဖွေနိုင်တဲ့ ကဏ္ဍတွေကနေ ဝေးကွာစေပြီး ပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်ဆိုတာကို စီးပွားရေးသုတေသနတွေက နှစ်ပေါင်းများစွာကတည်းက ဖော်ပြထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာစစ်အုပ်စုဟာ ဒီလမ်းကြောင်းကို ဆက်လက်စွဲကိုင်ထားတဲ့ အနေအထား ဖြစ်နေပါတယ်။

ကမ္ဘာ့စွမ်းအင်ဈေးနှုန်း ပြဿနာနဲ့ လောင်စာဆီအကျပ်အတည်းကြောင့် မြန်မာ့စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာမယ်ဆိုရင် စစ်အုပ်စုအနေနဲ့ ငွေလဲနှုန်းထိန်းချုပ်မှုကို ပိုမိုတင်းကျပ်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

အဲဒီလို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်သူတွေကို ပိုမိုထိခိုက်စေမယ့်အပြင် ပြည်ပရွှေ့ပြောင်းအလုပ်သမား ပြဿနာလို ဒေသတွင်းစိန်ခေါ်မှုတွေကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ရေရှည်မှာတော့ ဒီမူဝါဒဟာ မြန်မာ့စီးပွားရေးအခြေခံကို ပိုမိုအားနည်းစေပြီး စီးပွားရေးပြန်လည်နာလန်ထူနိုင်ခြေကို မရှိတော့မယ့် အန္တရာယ်ရှိနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး