Homeနိုင်ငံတကာသတင်းထိုင်းရဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ်ကြောင့် မြန်မာဒုက္ခသည်တွေ အန္တရာယ်ရှိနိုင်

ထိုင်းရဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ်ကြောင့် မြန်မာဒုက္ခသည်တွေ အန္တရာယ်ရှိနိုင်

စက်တင်ဘာ ၅၊ ၂၀၂၆ | New Day Myanmar

ထိုင်းအစိုးရရဲ့ ၂၀၂၆ ခုနှစ် ပြည်နှင်ဒဏ်ပေးရေးစည်းမျဉ်းသစ်မှာ ပြန်ပို့မယ့်နိုင်ငံခြားသားတွေအတွက် လုံလောက်တဲ့ စိစစ်ရေးယန္တရား မပါဝင်တာကြောင့် မြန်မာဒုက္ခသည်တွေ စစ်အုပ်စုလက်ထဲ ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့တွေက သတိပေးလိုက်ပါတယ်။

ထိုင်းအောက်လွှတ်တော်ရဲ့ ဥပဒေ၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာ ၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အစိုးရအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြည်နှင်ဒဏ်စည်းမျဉ်းသစ်ရဲ့ သက်ရောက်မှုတွေကို ဆွေးနွေးခဲ့ကြတာလို့ Thai PBS ရဲ့ The Active က ဖော်ပြပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ ဒုတိယအထွေထွေအတွင်းရေးမှူး Sorapong Sriyanong က ပြည်နှင်ဒဏ်ပေးခံရနိုင်တဲ့ နိုင်ငံခြားသားတွေကို အဓိက အုပ်စုသုံးစုခွဲထားတယ်လို့ ရှင်းပြပါတယ်။

အဲဒီအုပ်စုတွေကတော့ တရားမဝင် ဝင်ရောက်ပြီး နိုင်ငံသားအဆင့်အတန်းရရှိဖို့ စာရွက်စာတမ်းအတုလုပ်သူတွေ၊ ထိုင်းအမည်ခံပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီး တရားမဝင်စီးပွားရေးလုပ်ငန်း၊ မြေယာဝယ်ယူမှုတွေ ပြုလုပ်သူတွေနဲ့ ထောင်ဒဏ်အနည်းဆုံး ငါးနှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဘက်ကတော့ စည်းမျဉ်းသစ်ရဲ့ ပထမဦးစားပေးပစ်မှတ်ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေဖြစ်ပြီး ဥပဒေမချိုးဖောက်သူတွေက မူလအခွင့်အရေးတွေအတိုင်း နေထိုင်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံမဲ့သူတွေနဲ့ ဒုက္ခသည်တွေရဲ့ အခွင့်အရေးဆိုင်ရာကွန်ရက် ကိုယ်စားလှယ် Thanida Piyachot က စည်းမျဉ်းသစ်ဟာ ပြည်နှင်ဒဏ်ပေးရေးလုပ်ငန်းစဉ်ကို အမြန်ဆောင်ရွက်နိုင်ဖို့ အာရုံစိုက်ထားပေမယ့် ပြန်ပို့ခံရသူ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ကို ကြိုတင်စိစစ်မယ့် ယန္တရား အားနည်းနေတယ်လို့ ထောက်ပြပါတယ်။

အထူးသဖြင့် စစ်မှုထမ်းခိုင်းတာနဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ပို့ခံရရင် ဖမ်းဆီးခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ အသက်အန္တရာယ်ကြုံတွေ့နိုင်တာကြောင့် “အန္တရာယ်ရှိတဲ့နိုင်ငံကို အတင်းအကျပ်ပြန်မပို့ရ” ဆိုတဲ့ နိုင်ငံတကာအခြေခံမူကို လိုက်နာဖို့ တောင်းဆိုထားပါတယ်။

ထိုင်းတရားရေးဝန်ကြီးဌာနဘက်ကတော့ ပြန်ပို့ခံရတဲ့နိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်တာ ဒါမှမဟုတ် အန္တရာယ်ကြုံတွေ့နိုင်တယ်လို့ ယုံကြည်ရတဲ့အကြောင်းရှိရင် မောင်းထုတ်တာ၊ ပြန်ပို့တာနဲ့ လွှဲပြောင်းပေးတာတွေ မလုပ်ရဘူးလို့ သတ်မှတ်ထားတဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အတင်းအကျပ်ပျောက်ဆုံးမှု တားဆီးရေးဥပဒေ ပုဒ်မ ၁၃ က ဆက်လက်အကျုံးဝင်တယ်လို့ ရှင်းလင်းပါတယ်။

ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့အစည်းများကွန်ရက် (MWG) ကတော့ ပြည်နှင်ဒဏ်မပေးခင် အန္တရာယ်အခြေအနေကို စနစ်တကျစိစစ်မယ့် ယန္တရားမရှိတာဟာ စည်းမျဉ်းသစ်ရဲ့ အဓိကအားနည်းချက်ဖြစ်ပြီး နိုင်ငံရေးလက်နက်အဖြစ် အသုံးချတာနဲ့ လူမျိုးရေးမုန်းတီးမှု ဖန်တီးတာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

Related News

Most Read