ဩဂုတ် ၂၅၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံသားတွေအတွက်သာ သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုပ်ကိုင်တာ တစ်နှစ်အတွင်း ၁၉ ဒသမ ၃ ရာခိုင်နှုန်း တိုးလာပြီး အလုပ်သမားဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ ထိုင်းအမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးကောင်စီ (NESDC) က ပြောပါတယ်။
ထိုင်းအလုပ်အကိုင်ဦးစီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့တွေက ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၆ မေလ ၂၈ ရက်အထိ နိုင်ငံတဝန်း ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ကိုင်မှုကို စစ်ဆေးရာမှာ ဥပဒေချိုးဖောက်လုပ်ကိုင်သူ ၃,၂၁၇ ဦး တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက ၁,၀၅၃ ဦးဟာ ထိုင်းနိုင်ငံသားတွေအတွက်သာ သီးသန့်ထားတဲ့ အလုပ်တွေကို လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
တားမြစ်ထားတဲ့ အလုပ်တွေထဲမှာ လမ်းဘေးဈေးရောင်းတာ၊ ထိုင်းရိုးရာအနှိပ်၊ ဆံပင်ညှပ်တာ၊ အလှပြင်လုပ်ငန်းနဲ့ ယာဉ်မောင်းတာ စတဲ့ အလုပ်တွေ ပါဝင်ပါတယ်။ အခုနှစ်မှာ အဲဒီလို လုပ်ကိုင်တာဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၁၉ ဒသမ ၃ ရာခိုင်နှုန်း တိုးလာတယ်လို့ NESDC က ဆိုပါတယ်။
ဒီအတွက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်မှုကို ပိုတင်းကျပ်စွာ စစ်ဆေးဖို့၊ တရားမဝင် အလုပ်သမားခန့်ထားတဲ့ အလုပ်ရှင်တွေကိုပါ ဥပဒေအရ အရေးယူဖို့ NESDC က တိုက်တွန်းထားပါတယ်။ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်သူတွေ၊ ထိုင်းနိုင်ငံသားတွေအတွက်သာ သီးသန့်ထားတဲ့ အလုပ်တွေ ဝင်လုပ်သူတွေကိုလည်း ဆက်လက်အရေးယူဖို့ အကြံပြုထားပါတယ်။
ဒါပေမယ့် Thai PBS ရဲ့ အခုထုတ်ပြန်တဲ့ အချက်အလက်မှာ ဥပဒေချိုးဖောက်သူ ၃,၂၁၇ ဦးထဲ မြန်မာနိုင်ငံသား ဘယ်လောက်ပါဝင်တယ်ဆိုတာ သီးခြားခွဲမဖော်ပြထားပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားအရေအတွက် အများဆုံးဖြစ်တာကြောင့် ဒီလို စစ်ဆေးအရေးယူမှုတွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ်လည်း တိုက်ရိုက်သက်ရောက်နိုင်ပါတယ်။
NESDC ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ တားမြစ်အလုပ်တွေ ဝင်လုပ်တာ တိုးလာတာဟာ ထိုင်းအလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုပ်ခလစာအပေါ် ဖိအားဖြစ်လာနိုင်တာကြောင့် အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာမှာ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဈေးကွက်နဲ့ ပတ်သက်ပြီး နောက်ထပ်စိုးရိမ်စရာတစ်ခုအဖြစ် အယ်နီညို ကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်နိုင်မှု ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ၂၀၂၆ နှစ်ကုန်ပိုင်းမှာ အယ်နီညို ပိုမိုပြင်းထန်လာနိုင်ပြီး မိုးနည်းတာ၊ မိုးခေါင်တာတွေကြောင့် စိုက်ပျိုးရေးလုပ်သားတွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေကို ထိခိုက်နိုင်တယ်လို့ NESDC က သတိပေးထားပါတယ်။

