ဩဂုတ် ၁၄၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အလုပ်လုပ်ခွင့်လက်မှတ်ကို အွန်လိုင်းကနေ ဆောင်ရွက်ပေးနေတဲ့ e-WorkPermit စနစ် ဝန်ဆောင်မှုပေးသူ Future Sky Joint Venture က စာချုပ်အရ ရရှိရမယ့် ဝန်ဆောင်ခ ဘတ်သန်း ၇၀၀ ကျော် မရသေးတာကြောင့် ထိုင်းအလုပ်အကိုင်ဦးစီးဌာနကို အုပ်ချုပ်ရေးတရားရုံးမှာ တရားစွဲထားတယ်လို့ ထိုင်းသတင်းတွေမှာ ဒီနေ့ ဖော်ပြပါတယ်။
တရားစွဲဆိုမှုကို ဘယ်နေ့မှာ တရားရုံးတင်ခဲ့တယ်ဆိုတာ အတိအကျ ဖော်ပြထားတာ မရှိပေမယ့် ကုမ္ပဏီဘက်က ပြဿနာကို တရားရုံးမတင်ခင် မေ ၁၂ ရက် မှာ ထိုင်းအလုပ်သမားဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့ဆီ စာတင်ခဲ့ပြီး ဇွန် ၁၁ ရက် မှာလည်း လွှတ်တော်ဘတ်ဂျက်ဆိုင်ရာ ကော်မတီရှေ့ သွားရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Future Sky က e-WorkPermit စနစ်ကနေ အလုပ်လုပ်ခွင့်လက်မှတ် ၁ ဒသမ ၄ သန်းခန့် ကို ဆောင်ရွက်ပြီးဖြစ်ပေမယ့် အလုပ်ပြီးစီးမှု စစ်ဆေးအတည်ပြုတာနဲ့ ဝန်ဆောင်ခပေးချေတာ ၈ လကျော် ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။
လက်မှတ်တစ်စောင်အတွက် ဝန်ဆောင်ခ ဘတ် ၅၂၀ ခန့်နဲ့ တွက်ချက်ရင် ကုမ္ပဏီဘက်က မရရှိသေးတဲ့ ဝန်ဆောင်ခဟာ ဘတ်သန်း ၇၀၀ ကျော် ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
e-WorkPermit စီမံကိန်းရဲ့ စာချုပ်တန်ဖိုးဟာ ဘတ် ၇ ဒသမ ၈ ဘီလီယံ ရှိပြီး Future Sky Joint Venture က တင်ဒါအောင်မြင်ကာ စနစ်ကို တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။
e-WorkPermit စနစ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က စတင်အသုံးပြုခဲ့ပြီး နိုင်ငံခြားသားအလုပ်သမားနဲ့ အလုပ်ရှင်တွေက အလုပ်လုပ်ခွင့်လျှောက်ထားတာ၊ လျှောက်လွှာအခြေအနေ စစ်ဆေးတာနဲ့ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို အွန်လိုင်းကနေ ဆောင်ရွက်နိုင်ပါတယ်။
ကုမ္ပဏီဘက်က ဝန်ဆောင်ခ မရသေးတဲ့ကာလအတွင်း စနစ်လည်ပတ်ခ၊ ဝန်ထမ်းစရိတ်နဲ့ နည်းပညာဆိုင်ရာ ကုန်ကျစရိတ်တွေကို ကိုယ်တိုင်စိုက်ထုတ်ထားရတယ်လို့ ဆိုပြီး စာချုပ်အရ ပေးချေရမယ့် ဝန်ဆောင်ခတွေကို ရရှိနိုင်ဖို့ တရားရုံးကနေ ဖြေရှင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမားတွေအတွက်တော့ ဒီတရားစွဲဆိုမှုကြောင့် e-WorkPermit စနစ်ကို ရပ်ဆိုင်းထားတာ မရှိသေးပါဘူး။ ကုမ္ပဏီဘက်က ငွေပေးချေမှုဆိုင်ရာ အငြင်းပွားမှုကြောင့် နိုင်ငံခြားသားအလုပ်သမားနဲ့ အလုပ်ရှင်တွေ ဝန်ဆောင်မှုမထိခိုက်စေဖို့ စနစ်ကို ဆက်လက်လည်ပတ်ပေးသွားမယ်လို့ ပြောထားပါတယ်။
ထိုင်းအလုပ်အကိုင်ဦးစီးဌာနဘက်ကတော့ ကုမ္ပဏီရဲ့ တရားစွဲဆိုမှုနဲ့ ဝန်ဆောင်ခ ဘတ်သန်း ၇၀၀ ကျော် မပေးချေရသေးဘူးဆိုတဲ့ အဆိုအပေါ် အသေးစိတ်တုံ့ပြန်ချက် မထွက်လာသေးဘူးလို့ သိရပါတယ်။

