Homeပြည်တွင်းသတင်းထိုင်း-မြန်မာ ပူးပေါင်းစောင့်ကြည့်မယ့် မြစ်ရေညစ်ညမ်းမှု သဘောတူညီချက် မလုံလောက်ဘူးလို့ ဝေဖန်၊ တရုတ်ဘက် တာဝန်ယူမှုပါ လိုအပ်တယ်လို့ဆို

ထိုင်း-မြန်မာ ပူးပေါင်းစောင့်ကြည့်မယ့် မြစ်ရေညစ်ညမ်းမှု သဘောတူညီချက် မလုံလောက်ဘူးလို့ ဝေဖန်၊ တရုတ်ဘက် တာဝန်ယူမှုပါ လိုအပ်တယ်လို့ဆို

ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar

ထိုင်းနဲ့ မြန်မာတို့က နယ်စပ်နဲ့ နယ်စပ်ဖြတ်ကျော်မြစ်တွေရဲ့ ရေအရည်အသွေး စောင့်ကြည့်ရေးအတွက် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးထားပေမယ့် ညစ်ညမ်းမှုရဲ့ အရင်းအမြစ်ဖြစ်တဲ့ သတ္တုတွင်းတွေကို ထိန်းချုပ်မယ့် အစီအစဉ် မရှင်းလင်းသလို တရုတ်ဘက်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ယူမှုလည်း မပါဝင်သေးတာကြောင့် ဒီသဘောတူညီချက်တစ်ခုတည်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပညာရှင်တွေနဲ့ လူမှုအဖွဲ့တွေက ဝေဖန်ထားပါတယ်။

ထိုင်းနဲ့ မြန်မာတို့ဟာ ဩဂုတ် ၆ ရက်မှာ နယ်စပ်နဲ့ နယ်စပ်ဖြတ်ကျော်မြစ်တွေမှာ ရေအရည်အသွေး စီမံခန့်ခွဲရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ Terms of Reference (TOR) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံအကြား ရေအရည်အသွေးကို တရားဝင်ပူးတွဲစောင့်ကြည့်တာ၊ အချက်အလက်နဲ့ နည်းပညာမျှဝေတာ၊ ပူးတွဲအစီအစဉ်တွေ ချမှတ်တာကို ပထမဆုံးအကြိမ် တရားဝင်စနစ်တစ်ခုအဖြစ် ဖန်တီးတာ ဖြစ်ပါတယ်။

TOR ကို သုံးနှစ်သက်တမ်း သတ်မှတ်ထားပြီး နှစ်စဉ်လုပ်ငန်းအစီအစဉ်တွေ ခွဲပြီး အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ရေစမ်းသပ်မယ့်နေရာတွေ သတ်မှတ်တာ၊ နမူနာယူတဲ့နည်းလမ်း၊ ရေအရည်အသွေးတိုင်းတာတဲ့ စံနှုန်းတွေနဲ့ ပူးတွဲအစည်းအဝေးတွေ ပြုလုပ်တာ စတဲ့ လုပ်ငန်းတွေ ပါဝင်ပြီး ပူးတွဲလုပ်ငန်းအဖွဲ့ဟာ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ် တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ TOR ထဲမှာ ညစ်ညမ်းမှုဖြစ်ပေါ်ရာ မြစ်အထက်ပိုင်း သတ္တုတွင်းတွေကို ဘယ်အချိန်မှာ ဝင်ရောက်စစ်ဆေးမလဲ၊ ညစ်ညမ်းမှုဖြစ်စေတဲ့ သတ္တုတွင်းတွေကို ဘယ်လိုအရေးယူမလဲ၊ သတ္တုတူးဖော်မှု တိုးချဲ့တာကို ဘယ်လိုတားဆီးမလဲ ဆိုတဲ့ အချက်တွေ မပါဝင်သေးဘူးလို့ ဝေဖန်သူတွေက ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်အဖွဲ့ Rivers and Rights ရဲ့ အချက်အလက်အရ မြန်မာနိုင်ငံက မြေရှားသတ္တု၊ ရွှေနဲ့ တခြားသတ္တုတူးဖော်မှုတွေကြောင့် ကိုးမြစ်၊ စိုင်းမြစ်၊ ရွက်မြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်နဲ့ ကရဘူရီမြစ် အပါအဝင် အနည်းဆုံး မြစ် ၆ စင်းမှာ ဓာတုပစ္စည်းနဲ့ အဆိပ်သင့်သတ္တုတွေ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနရဲ့ ဇူလိုင်လ စမ်းသပ်ချက်တွေအရ ကိုးမြစ်၊ စိုင်းမြစ်နဲ့ ရွက်မြစ်တွေမှာ အာဆင်းနစ်ဓာတ် စံချိန်ထက် ကျော်လွန်နေတယ်လို့ တွေ့ရှိထားပါတယ်။

ကိုးမြစ်မှာ ထိုင်း-မြန်မာနယ်စပ်ကနေ ချင်းရိုင်မြို့အထိ အာဆင်းနစ်ပမာဏဟာ တစ်လီတာကို ၀ ဒသမ ၀၁၂ ကနေ ၀ ဒသမ ၀၁၉ မီလီဂရမ်အထိ ရှိပြီး ထိုင်းရဲ့ သတ်မှတ်စံဖြစ်တဲ့ ၀ ဒသမ ၀၁ မီလီဂရမ်ထက် ကျော်လွန်နေပါတယ်။

စိုင်းမြစ်မှာတော့ စမ်းသပ်ခဲ့တဲ့ နေရာ ၃ ခုစလုံးမှာ အာဆင်းနစ်ပမာဏ တစ်လီတာကို ၀ ဒသမ ၀၂၀ ကနေ ၀ ဒသမ ၀၂၅ မီလီဂရမ်အထိ တွေ့ရှိထားတာကြောင့် သတ်မှတ်စံထက် ၂ ဆကနေ ၂ ဒသမ ၅ ဆအထိ မြင့်နေပါတယ်။ ရွက်မြစ်မှာလည်း တစ်လီတာကို ၀ ဒသမ ၀၁၁ မီလီဂရမ် တွေ့ရှိထားပါတယ်။

ရေထဲမှာသာမက မြစ်အောက်ခြေက မြေသားနဲ့ သဲနုန်းတွေထဲမှာပါ အာဆင်းနစ်ဓာတ် စုဆောင်းနေတယ်လို့ ထိုင်းအာဏာပိုင်တွေက တွေ့ရှိထားပါတယ်။

ချင်းရိုင်မြို့က ကိုးမြစ်အောက်ခြေသဲနုန်း နမူနာတချို့မှာ အာဆင်းနစ်ပမာဏ တစ်ကီလိုဂရမ်ကို ၄၅ မီလီဂရမ် အထိ တွေ့ရှိထားပြီး ရွက်မြစ်မှာ ၄၉ ကနေ ၅၅ မီလီဂရမ်၊ မဲခေါင်မြစ် မြောက်ပိုင်းက နေရာတချို့မှာ ၅၀ ကနေ ၈၀ မီလီဂရမ်အထိ တွေ့ရှိထားပါတယ်။

ထိုင်းဘက်က သတ်မှတ်ထားတဲ့ မြစ်အောက်ခြေသက်ရှိတွေအတွက် အန္တရာယ်ပြင်းထန်တဲ့ အာဆင်းနစ်စံနှုန်းက တစ်ကီလိုဂရမ်ကို ၃၃ မီလီဂရမ်ဖြစ်တာကြောင့် အဲဒီနေရာအများစုက အန္တရာယ်သတ်မှတ်ချက်ထက် ကျော်လွန်နေပါတယ်။

Rivers and Rights အဖွဲ့ရဲ့ ပူးတွဲတည်ထောင်သူ ပီယန်ပေါ် ဒီတက် က ရေကို စောင့်ကြည့်တိုင်းတာနေတာတစ်ခုတည်းနဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ညစ်ညမ်းမှုဖြစ်စေတဲ့ အရင်းအမြစ်ကို တားဆီးရမယ်လို့ ပြောပါတယ်။

သူက လက်ရှိပူးပေါင်းဆောင်ရွက်မှုဟာ အစည်းအဝေးတွေ လုပ်တာ၊ စာရွက်စာတမ်းတွေ လက်မှတ်ရေးထိုးတာနဲ့ အစီရင်ခံစာတွေ ထုတ်တာလောက်နဲ့သာ ရပ်သွားနိုင်ပြီး အဲဒီအချိန်မှာ အဆိပ်သင့်ညစ်ညမ်းရေတွေက အောက်ပိုင်းဒေသတွေဆီ ဆက်စီးနေမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် စိုးရိမ်စရာအချက်တစ်ခုက ရေအရည်အသွေးတိုင်းတာတဲ့ စံနှုန်း ဖြစ်ပါတယ်။ မြန်မာဘက်က ဒေသအခြေအနေနဲ့ လူထုအပေါ် သက်ရောက်မှုကို ကြည့်ပြီး နှစ်ဖက်သဘောတူတဲ့ စံတစ်ခု ပြန်သတ်မှတ်ဖို့ အဆိုပြုထားတာကြောင့် နိုင်ငံတကာ ဒါမှမဟုတ် ထိုင်းဘက်က အသုံးပြုနေတဲ့ စံနှုန်းထက် လျော့နည်းသွားနိုင်တယ်လို့ ပီယန်ပေါ်က စိုးရိမ်နေပါတယ်။

အရင်ကလည်း မြန်မာဘက်က သူတို့ရဲ့ စံနှုန်းအရ ညစ်ညမ်းမှုက သတ်မှတ်ချက်မကျော်ဘူးလို့ ဆိုခဲ့ပေမယ့် ထိုင်းဘက်က စမ်းသပ်ချက်တွေမှာတော့ အာဆင်းနစ်နဲ့ အဆိပ်သင့်သတ္တုတွေ သတ်မှတ်ချက်ထက် ကျော်နေတယ်လို့ တွေ့ရှိထားပါတယ်။

ပူးတွဲ TOR အကောင်အထည်ဖော်ရာမှာ အကြီးမားဆုံး အခက်အခဲတစ်ခုက ညစ်ညမ်းမှုနဲ့ ဆက်စပ်တယ်လို့ ယူဆထားတဲ့ သတ္တုတွင်းအများစုဟာ စစ်အုပ်စု တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ နေရာတွေမှာ မရှိတာ ဖြစ်ပါတယ်။

Stimson Center ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာမှာ မြန်မာဘက် မဲခေါင်မြစ်ဝှမ်းမှာ မြေရှားသတ္တုတွင်း ၆၀ တွေ့ရှိထားပြီး နောက်ပိုင်း အရှေ့တောင်အာရှကုန်းတွင်းပိုင်း တစ်ခုလုံးကို ချဲ့ထွင်လေ့လာရာမှာ ညစ်ညမ်းမှုဖြစ်စေနိုင်တဲ့ သတ္တုတွင်းနေရာ ၂,၄၀၀ ကျော် တွေ့ရှိထားပါတယ်။ အဲဒီထဲမှာ မဲခေါင်မြစ်ဝှမ်းကို ရေစီးဝင်တဲ့ မြေရှားသတ္တုတွင်း ၇၇ ခု ပါဝင်တယ်လို့ ဆိုပါတယ်။

မြေရှားသတ္တုတူးဖော်ရာမှာ ဓာတုပစ္စည်းနဲ့ မြေသားကို ဖျော်ချတဲ့ နည်းလမ်းတွေ အသုံးပြုလေ့ရှိသလို ရွှေတူးဖော်ရာမှာလည်း ဆိုဒီယမ်ဆိုက်ယာနိုက်နဲ့ ပြဒါး စတဲ့ အဆိပ်သင့်ပစ္စည်းတွေ အသုံးပြုတာ ရှိပါတယ်။ အညစ်အကြေးစနစ် မကောင်းရင် အဲဒီဓာတုပစ္စည်းတွေ မြစ်ချောင်းထဲ စီးဝင်နိုင်ပါတယ်။

Reuters က ၂၀၂၅ ခုနှစ်မှာ စစ်ဆေးခဲ့တဲ့ ဂြိုဟ်တုပုံရိပ်နဲ့ ဒေသတွင်းအချက်အလက်တွေအရ ရှမ်းပြည်နယ်မှာ မိုင်းဆတ်နဲ့ မိုင်းယွန်းကြား မြေရှားသတ္တုတွင်းအသစ်တစ်ခု ဖွင့်ထားပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က လုံခြုံရေးပေးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒေသတွင်းသတင်းရင်းမြစ်တွေက အဲဒီသတ္တုတွင်းမှာ တရုတ်စကားပြောတဲ့ မန်နေဂျာနဲ့ နည်းပညာကျွမ်းကျင်သူတွေရှိပြီး ကုန်ကြမ်းတွေကို တရုတ်နယ်စပ်ဘက် ပို့နေတယ်လို့ Reuters ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သတ္တုတွင်းပိုင်ရှင်ကိုတော့ Reuters က သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြည်ပမှာ လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်ကုမ္ပဏီတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေကို လိုက်နာပြီး လူမှုတာဝန်ယူမှုရှိရမယ်လို့ ပြောထားပေမယ့် အဲဒီသတ္တုတွင်းတွေနဲ့ တရုတ်ကုမ္ပဏီတွေ တိုက်ရိုက်ဆက်စပ်၊ မဆက်စပ်ကိုတော့ အတည်မပြုထားပါဘူး။

ထိုင်းဘက် ပူးတွဲလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရာဝီဝန် ဘူရီဒက် ကလည်း ရှမ်းပြည်နယ်က ဒေသအားလုံးကို စစ်အုပ်စုက ထိန်းချုပ်နိုင်တာ မဟုတ်တဲ့အတွက် မြစ်အထက်ပိုင်းကို သွားရောက်စစ်ဆေးဖို့ ခက်ခဲတယ်လို့ ဝန်ခံထားပါတယ်။

ဒါပေမယ့် လက်ရှိ TOR ဟာ နှစ်နိုင်ငံအကြား ပူးတွဲစစ်ဆေးရေး အစီအစဉ်တွေ စတင်နိုင်ဖို့ ပထမဆုံးတရားဝင်ခြေလှမ်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် က တရုတ်နိုင်ငံကို သွားရောက်ချိန်မှာ မြစ်ရေညစ်ညမ်းမှုအရေးကို အဓိကဆွေးနွေးဖို့ မလုပ်ခဲ့တာကိုလည်း လူမှုအဖွဲ့တွေက ဝေဖန်ထားပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံက မြေရှားသတ္တုထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးကွင်းဆက်မှာ အရေးပါတဲ့ နိုင်ငံဖြစ်တာကြောင့် မြစ်ရေညစ်ညမ်းမှုပြဿနာကို မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံတည်းက ဖြေရှင်းဖို့ မလုံလောက်ဘဲ တရုတ်ဘက်ကလည်း တာဝန်ယူပါဝင်ဖို့ လိုအပ်တယ်လို့ ပီယန်ပေါ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်မှာလည်း ထိုင်းလှုပ်ရှားသူတွေက ဘန်ကောက်ရှိ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပြီး တရုတ်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်စပ်တယ်လို့ ယူဆထားတဲ့ သတ္တုတူးဖော်မှုတွေကို ဖြေရှင်းရာမှာ တရုတ်က ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။

TOR ထဲက နောက်ထပ် အငြင်းပွားစရာအချက်က ပူးတွဲစစ်ဆေးရရှိတဲ့ အချက်အလက်တွေကို နှစ်နိုင်ငံစလုံး စာဖြင့်သဘောတူမှသာ အပြင်ဘက်ကို ထုတ်ပြန်နိုင်မယ် ဆိုတဲ့ စည်းကမ်း ဖြစ်ပါတယ်။

ထိုင်းပြည်သူ့ပါတီက ချင်းမိုင်လွှတ်တော်အမတ် ဖတ်ထနာဖွန် လီလာဖတ် က ဒီအချက်ကြောင့် ထိုင်းနိုင်ငံအတွင်းက ရေစမ်းသပ်နေရာတစ်ခုမှာ အန္တရာယ်ရှိတဲ့ ညစ်ညမ်းမှု တွေ့ရှိရင်တောင် မြန်မာဘက်က သဘောမတူရင် အများပြည်သူကို ချက်ချင်းအသိပေးဖို့ ခက်ခဲနိုင်တယ်လို့ သတိပေးထားပါတယ်။

ထိုင်းအထက်လွှတ်တော်အမတ် နိုရဆက် ပရာချာကွန်း ကလည်း အချက်အလက်ထုတ်ပြန်ရေးအတွက် နှစ်ဖက်သဘောတူရမယ်ဆိုတဲ့ အချက်ကို မြန်မာဘက်ရဲ့ တောင်းဆိုမှုနဲ့ ထည့်သွင်းခဲ့တာဖြစ်ပြီး အရေးပေါ်အခြေအနေအတွက် ခြွင်းချက် မထားတာက အဓိကပြဿနာတစ်ခုလို့ ဆိုပါတယ်။

ရေထဲက အာဆင်းနစ်ဓာတ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးစိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။ မဲဖားလွမ်တက္ကသိုလ်နဲ့ ချင်းရိုင်ရာဇဘတ်တက္ကသိုလ်တို့က ဖေဖော်ဝါရီလမှာ ကိုးမြစ်ကမ်းတလျှောက် နေထိုင်သူ ၁၀၀ ကို စစ်ဆေးရာမှာ ၁၆ ဦးရဲ့ လက်သည်းထဲမှာ အာဆင်းနစ်ပမာဏ သတ်မှတ်ချက်ထက် မြင့်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီရလဒ်တစ်ခုတည်းနဲ့ ကျန်းမာရေးထိခိုက်မှုကို အတည်မပြုနိုင်သေးဘဲ ဆီးစစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင်ပြီး ရေရှည်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာနက ပြောထားပါတယ်။

လက်ရှိမှာ ထိုင်းကျန်းမာရေးအာဏာပိုင်တွေက ချင်းရိုင်ခရိုင် ၁၈ မြို့နယ်လုံး မှာ အာဆင်းနစ်နဲ့ ထိတွေ့နိုင်ခြေရှိသူတွေကို ဒုတိယနှစ် ဆက်လက်စစ်ဆေးနေပြီး မြစ်ကမ်းနားမှာ အသက်မွေးဝမ်းကျောင်းလုပ်သူတွေနဲ့ အန္တရာယ်မြင့်အုပ်စုတွေကို ဦးစားပေးစစ်ဆေးနေပါတယ်။

ဝေဖန်သူတွေကတော့ ရေစမ်းသပ်တာတစ်ခုတည်းမဟုတ်ဘဲ ငါး၊ မြစ်အောက်ခြေသဲနုန်း၊ စိုက်ပျိုးမြေ၊ စိုက်ပျိုးထွက်ကုန်နဲ့ ဒေသခံတွေရဲ့ ကျန်းမာရေး ကိုပါ ပူးတွဲစစ်ဆေးဖို့၊ ရလဒ်တွေကို သတ္တုတွင်းထိန်းချုပ်ရေးနဲ့ ကုန်သွယ်ရေးစနစ်တွေနဲ့ ချိတ်ဆက်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ကော်မရှင်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ နိုင်ငံတကာ နည်းပညာကျွမ်းကျင်သူတွေကို အကြံပေး ဒါမှမဟုတ် စောင့်ကြည့်သူအဖြစ် ပါဝင်ခွင့်ပေးဖို့လည်း တောင်းဆိုနေပါတယ်။

ထိုင်းဘက်ကတော့ TOR ဟာ တတိယနိုင်ငံက ပညာရှင်တွေ ပါဝင်တာကို တားမြစ်ထားတာ မရှိဘူးလို့ ပြောထားပေမယ့် သူတို့ကို မူရင်းအချက်အလက်တွေ ကြည့်ခွင့်ပေးမလား၊ မြစ်အထက်ပိုင်း သတ္တုတွင်းဒေသတွေကို လိုက်ပါစစ်ဆေးခွင့်ပေးမလား၊ စမ်းသပ်ရလဒ်တွေကို လွတ်လပ်စွာ ထုတ်ပြန်ခွင့်ရှိမလားဆိုတာ မရှင်းလင်းသေးပါဘူး။

ဒါကြောင့် ဩဂုတ်လအတွင်း ပထမဆုံးပြုလုပ်မယ့် ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးမှာ ရေစမ်းသပ်မယ့်နေရာနဲ့ နည်းလမ်းတွေထက် ညစ်ညမ်းမှုရဲ့ အရင်းအမြစ်ကို ဘယ်လိုတားဆီးမလဲ၊ တရုတ်နဲ့ တခြားသက်ဆိုင်သူတွေကို ဘယ်လိုပါဝင်ခိုင်းမလဲ၊ အရေးပေါ်အချက်အလက်တွေကို ပြည်သူတွေဆီ ချက်ချင်းထုတ်ပြန်နိုင်မလား ဆိုတဲ့ မေးခွန်းတွေက အဓိက စောင့်ကြည့်ရမယ့် အချက်တွေ ဖြစ်နေပါတယ်။

Related News

Most Read