Homeနိုင်ငံတကာသတင်းထိုင်းမှာ ပန်းရောင်ကတ် မမှန်မကန်ထုတ်ပေးမှု နိုင်ငံတဝန်း စစ်ဆေးမည်၊ အရေအတွက် များလွန်းလို့ မပြောနိုင်သေးဘူးလို့ ဒုဝန်ကြီးဆို

ထိုင်းမှာ ပန်းရောင်ကတ် မမှန်မကန်ထုတ်ပေးမှု နိုင်ငံတဝန်း စစ်ဆေးမည်၊ အရေအတွက် များလွန်းလို့ မပြောနိုင်သေးဘူးလို့ ဒုဝန်ကြီးဆို

ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒင်ဒဲင်ခရိုင်မှာ နိုင်ငံခြားသားအလုပ်သမားတွေအတွက် ပန်းရောင်ကတ် (Pink Card) မမှန်မကန် ရရှိအောင် လုပ်ပေးခဲ့တယ်ဆိုတဲ့ အမှုဟာ အစပဲရှိသေးပြီး နိုင်ငံတဝန်းကို တိုးချဲ့စစ်ဆေးသွားမယ်လို့ ထိုင်းဒုတိယပြည်ထဲရေးဝန်ကြီး ဝေါရာစစ် လီယန်ပရာစစ် က ပြောပါတယ်။

ဩဂုတ် ၂၀ ရက် လွှတ်တော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ဒင်ဒဲင်မှာ တွေ့ရှိထားတဲ့ နိုင်ငံခြားသား ၁၀၀ ကျော်ဟာ ကနဦးအဆင့်ပဲဖြစ်ပြီး လက်ရှိနေရာကနေ ဆက်စစ်မယ့်အပြင် တခြားခရိုင်နဲ့ ပြည်နယ်တွေကိုပါ တိုးချဲ့စစ်ဆေးသွားမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အလားတူ ပန်းရောင်ကတ် မမှန်မကန်ရရှိထားသူ ဘယ်လောက်ရှိနိုင်သလဲဆိုတဲ့ မေးခွန်းကိုတော့ အရေအတွက်များလွန်းလို့ မပြောရဲသေးဘူး လို့ ဒုဝန်ကြီးက ပြန်လည်ဖြေကြားထားပါတယ်။ စာရင်းစုဆောင်းမှု မပြီးသေးပေမယ့် ပမာဏအများကြီး ရှိတယ်လို့ သူက ဆိုပါတယ်။

လက်ရှိထုတ်ထားတဲ့ ဖမ်းဝရမ်း ၇ ခုမှာ ပါဝင်သူတွေကို အဓိက အုပ်စု ၃ စု ခွဲထားပြီး အစိုးရဝန်ထမ်းတွေ၊ ပွဲစားတွေ၊ အိမ်လိပ်စာပေးပြီး နေထိုင်သူအဖြစ် စာရင်းသွင်းခွင့်ပြုတဲ့ အိမ်ထောင်ဦးစီးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒုဝန်ကြီးကတော့ အဲဒီကွန်ရက်မှာ ပွဲစားအုပ်စုက အဓိကအခန်းကဏ္ဍ ပါဝင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားအလုပ်သမားတချို့ဟာ မမှန်မကန်လုပ်ငန်းစဉ်ကို အသေးစိတ် မသိဘဲ ပွဲစားတွေက ငွေဒီလောက်ပေးရင် လုပ်ပေးမယ် လို့ ပြောတာကြောင့် ငွေပေးပြီး စာရွက်စာတမ်းလုပ်ခဲ့တာမျိုးလည်း ရှိနိုင်တယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။ ဒါကြောင့် ပါဝင်သူတစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍကို အသေးစိတ်ခွဲစစ်ဖို့ လိုတယ်လို့ ပြောထားပါတယ်။

ပွဲစားတွေက ပန်းရောင်ကတ် ဒါမှမဟုတ် ဆက်စပ်စာရွက်စာတမ်းလုပ်ပေးဖို့ တစ်ဦးကို ဘတ်သောင်းဂဏန်းကနေ ဘတ်တစ်သိန်းဂဏန်းအထိ တောင်းခံတာတွေ ရှိတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။ ငွေပမာဏဟာ လုပ်ပေးမယ့် စာရွက်စာတမ်းနဲ့ အခြေအနေပေါ် မူတည်တယ်လို့ ဆိုပါတယ်။

ဒီအမှုဟာ နိုင်ငံခြားသားအလုပ်သမား မှတ်ပုံတင်ရေးနဲ့ တိုက်ရိုက်ဆက်နေတာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနတင်မကဘဲ အလုပ်သမားဝန်ကြီးဌာနနဲ့ပါ အချက်အလက်မျှဝေပြီး ပူးပေါင်းစစ်ဆေးသွားမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

မကြာသေးခင်က ဒင်ဒဲင်အိမ်ရာကို ဝင်ရောက်စစ်ဆေးရာမှာ အစိုးရဝန်ထမ်း၊ ပွဲစားနဲ့ အိမ်ထောင်ဦးစီးတွေ ပါဝင်တဲ့ ကွန်ရက်တစ်ခုကို ဖော်ထုတ်ခဲ့ပြီး နိုင်ငံခြားသားတွေကို အမှန်တကယ် မနေထိုင်တဲ့ လိပ်စာတွေမှာ စာရင်းသွင်းကာ ပန်းရောင်ကတ်ရရှိအောင် လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းနေပါတယ်။

လက်ရှိအချိန်မှာတော့ စာရင်းထဲပါ နိုင်ငံခြားသားအားလုံး မမှန်မကန် ပန်းရောင်ကတ်ရရှိထားတယ်လို့ အတည်ပြုထားတာ မဟုတ်သေးဘဲ တစ်ဦးချင်းစီရဲ့ စာရွက်စာတမ်းနဲ့ ပွဲစား၊ အစိုးရဝန်ထမ်း၊ အိမ်လိပ်စာပေးသူတွေရဲ့ ပါဝင်ပတ်သက်မှုကို ဆက်လက်စစ်ဆေးနေပါတယ်။

Related News

Most Read