ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar
မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ အွန်လိုင်းလိမ်လည်ရေးစခန်းတွေမှာ လူပေါင်း ၁၃,၆၇၀ ကျော် ပိတ်မိနေဆဲဖြစ်ပြီး လူကုန်ကူးမှု၊ အတင်းအကျပ် ရာဇဝတ်မှုကျူးလွန်ခိုင်းမှုနဲ့ အကြမ်းဖက်နှိပ်စက်မှုတွေ ကြုံတွေ့နေရတာကြောင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ လူကုန်ကူးခံရသူတွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။
Civil Society Network for Human Trafficking Victim Assistance က ဩဂုတ် ၆ ရက် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာ-ထိုင်းနယ်စပ်က BGF/KNA နဲ့ DKBA ထိန်းချုပ်နယ်မြေတွေထဲမှာ လျှို့ဝှက်အွန်လိုင်းလိမ်လည်ရေးစခန်းတွေ ဆက်လက်လည်ပတ်နေပြီး လူကုန်ကူးခံရသူတွေကို အတင်းအကျပ် အွန်လိုင်းလိမ်လည်မှုတွေ လုပ်ခိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ အဲဒီစခန်းတွေမှာ ပိတ်မိနေသူ ၁၃,၆၇၀ ကျော် ရှိနေပြီး အများစုဟာ အလုပ်အကိုင်ကောင်း ရမယ်ဆိုတဲ့ ကတိတွေနဲ့ လိမ်လည်ခေါ်ယူခံရတာ၊ လူကုန်ကူးခံရတာ ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော်ပြီးနောက် လိမ်လည်ရေးစခန်းတွေကို ရောင်းစားခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စခန်းတွေထဲ ရောက်သွားသူတွေဟာ လူမှုကွန်ရက်၊ ချစ်ရေးလိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံရေးနဲ့ cryptocurrency လိမ်လည်မှုတွေ လုပ်ဖို့ အတင်းအကျပ်ခိုင်းစေခံရပြီး သတ်မှတ်ထားတဲ့ ငွေပမာဏ မရှာနိုင်သူတွေကို ရိုက်နှက်တာ၊ လျှပ်စစ်နဲ့ နှိပ်စက်တာ၊ ချုပ်နှောင်ထားတာနဲ့ တခြားစခန်းတွေကို ပြန်လည်ရောင်းချတာတွေ ရှိတယ်လို့ အဖွဲ့က ဆိုပါတယ်။
အဆိုပါအဖွဲ့ရဲ့ အစီရင်ခံစာမှာ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ ပြောင်းလဲဖွဲ့စည်းထားတဲ့ Karen National Army (KNA) နဲ့ Democratic Karen Benevolent Army (DKBA) တို့ ထိန်းချုပ်ရာ နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်ရေးစခန်းတွေ ဆက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်အစိုးရကလည်း KNA နဲ့ ခေါင်းဆောင် စောချစ်သူတို့ကို အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပိတ်ဆို့အရေးယူထားပါတယ်။
အွန်လိုင်းလိမ်လည်ရေးစခန်းတွေကို နှိမ်နင်းတယ်ဆိုပြီး အရင်က လုပ်ဆောင်မှုတွေ ရှိခဲ့ပေမယ့် စခန်းတွေ အမှန်တကယ်ပိတ်သိမ်းသွားတာ မဟုတ်ဘဲ နေရာရွှေ့ပြောင်းပြီး ဆက်လက်လည်ပတ်နေတာ၊ စခန်းအသစ်တွေ ဖွင့်လှစ်လာတာ ရှိတယ်လို့ အရပ်ဘက်အဖွဲ့က ထောက်ပြထားပါတယ်။ အထူးသဖြင့် ရွှေကုက္ကိုလ်၊ KK Park နဲ့ နယ်စပ်တလျှောက်က တခြားနေရာတွေမှာ လိမ်လည်ရေးလုပ်ငန်းတွေ နှစ်အတန်ကြာ တိုးချဲ့လာခဲ့ပါတယ်။
ထိုင်းအစိုးရ၊ မြန်မာဘက် အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ပိတ်မိနေသူတွေကို အမြန်ဆုံးဖော်ထုတ်ကယ်ဆယ်ပြီး လူကုန်ကူးခံရသူအဖြစ် စိစစ်ကာ အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ကယ်ဆယ်ခံရသူတွေကို တရားမဝင် ဝင်ရောက်သူ ဒါမှမဟုတ် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူအဖြစ်သာ အရေးယူမယ့်အစား အတင်းအကျပ် ရာဇဝတ်မှုကျူးလွန်ခိုင်းခံရတဲ့ အခြေအနေ ရှိ၊ မရှိကို စနစ်တကျ စစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် အွန်လိုင်းလိမ်လည်ရေးစခန်းတွေကို အမှန်တကယ် အပြီးတိုင်ဖျက်သိမ်းဖို့ဆိုရင် လူတွေကို ကယ်ထုတ်တာတစ်ခုတည်းနဲ့ မလုံလောက်ဘဲ စခန်းတွေကို ကာကွယ်ပေးနေသူ၊ မြေနေရာနဲ့ လုံခြုံရေးပေးသူ၊ လျှပ်စစ်၊ အင်တာနက်၊ ငွေကြေးနဲ့ တခြားအခြေခံဝန်ဆောင်မှု ပံ့ပိုးပေးနေတဲ့ ကွန်ရက်တစ်ခုလုံးကို ဖြတ်တောက်ဖို့ လိုအပ်တယ်လို့ အဖွဲ့က ဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်က အွန်လိုင်းလိမ်လည်ရေးလုပ်ငန်းတွေဟာ ဒေသတွင်း ရာဇဝတ်မှုကိစ္စတစ်ခုသာ မဟုတ်တော့ဘဲ အာရှ၊ အာဖရိကနဲ့ တခြားဒေသတွေက လူတွေပါ လူကုန်ကူးခံရပြီး ပါဝင်ပတ်သက်နေရတဲ့ နိုင်ငံတကာ လူကုန်ကူးမှုနဲ့ အတင်းအကျပ်ရာဇဝတ်မှု ပြဿနာတစ်ခု ဖြစ်လာနေပါတယ်။

