Homeပြည်တွင်းသတင်းမြန်မာက ရုရှားနဲ့ ပူးပေါင်းပြီး ပထမဆုံးအာကာသယာဉ်မှူးကို ၂၀၂၈ ခုနှစ်မှာ စေလွှတ်ဖို့ စီစဉ်နေတယ်ိလို့ စစ်အုပ်စုပြော

မြန်မာက ရုရှားနဲ့ ပူးပေါင်းပြီး ပထမဆုံးအာကာသယာဉ်မှူးကို ၂၀၂၈ ခုနှစ်မှာ စေလွှတ်ဖို့ စီစဉ်နေတယ်ိလို့ စစ်အုပ်စုပြော

ဩဂုတ် ၂၅၊ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူးကို ၂၀၂၈ ခုနှစ်မှာ အာကာသထဲ ပို့ဆောင်ဖို့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းစီစဉ်နေတယ်လို့ စစ်အုပ်စုအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်အုပ်စုအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး အဆိုအရ အာကာသယာဉ်မှူးပို့ဆောင်ရေးဟာ မင်းအောင်လှိုင်ရဲ့ မကြာသေးခင် ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် ၁၂ ခုထဲက တစ်ခုနဲ့ ဆက်နွှယ်တာ ဖြစ်ပါတယ်။

ရုရှားအာကာသအေဂျင်စီ Roscosmos အကြီးအကဲ ဒီမီထရီ ဘာကာနော့ဗ်နဲ့ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင် တို့ဟာ ဩဂုတ် ၁၈ ရက်က မော်စကိုမှာ အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားသတင်းတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေးအပြင် ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစခန်း၊ Global Navigation Satellite System (GNSS) စခန်းနဲ့ ကမ္ဘာအနီး အာကာသအန္တရာယ်တွေကို စောင့်ကြည့်မယ့် စခန်း တည်ဆောက်ရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရုရှားဘက်က မြန်မာရဲ့ ပထမဆုံး အာကာသယာဉ်မှူးကို ရွေးချယ်ပြီး လေ့ကျင့်ပေးမယ်ဆိုတာကို Roscosmos အကြီးအကဲ ဘာကာနော့ဗ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် နေပြည်တော်ခရီးစဉ်အတွင်းကတည်းက ပြောထားပါတယ်။

စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဇူလိုင် ၂၈ ရက်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူးလောင်းတွေကို ကနဦးရွေးချယ်ထားပြီးပြီ လို့ ထုတ်ပြန်ထားပါတယ်။ မင်းအောင်လှိုင်က ရန်ကုန်က မြန်မာအာကာသအေဂျင်စီကို သွားရောက်ချိန်မှာ အဲဒီအာကာသယာဉ်မှူးလောင်းတွေကို တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် အရေအတွက်နဲ့ နောက်ဆုံးရွေးချယ်မယ့်သူ အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။

မြန်မာအာကာသအေဂျင်စီက လက်ရှိ MAH-1 လို့ အမည်ပေးထားတဲ့ မြေကမ္ဘာလေ့လာရေးဂြိုဟ်တုတစ်စင်းကိုလည်း တည်ဆောက်နေပြီး ဂြိုဟ်တုထိန်းချုပ်ရေး၊ ကမ္ဘာမြေမျက်နှာပြင်အဝေးထိန်းလေ့လာရေး၊ အာကာသရာသီဥတုနဲ့ ကမ္ဘာအနီး အာကာသအန္တရာယ် စောင့်ကြည့်ရေးနည်းပညာတွေကို လုပ်ဆောင်နေတယ်လို့ စစ်အုပ်စုဘက်က ဆိုပါတယ်။

ဒါပေမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးကို အမှန်တကယ် ဘယ်ယာဉ်နဲ့ လွှတ်တင်မလဲ၊ ဘယ်အာကာသစခန်းကို သွားမလဲ၊ ဘယ်နေ့လွှတ်တင်မလဲနဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ ဆိုတဲ့ အရေးကြီးအသေးစိတ်အချက်တွေကိုတော့ လူသိရှင်ကြား ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

International Crisis Group ရဲ့ အာရှရေးရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟော်စီ (Richard Horsey) ကတော့ မြန်မာနိုင်ငံအနေနဲ့ အာကာသစူးစမ်းရေးအဆင့်ကို ဒီလောက်မြန်မြန် ရောက်နိုင်မယ်လို့ မယုံကြည်ကြောင်း ပြောထားပြီး အာကာသသဘောတူညီချက်တွေဟာ နေပြည်တော်နဲ့ မော်စကိုကြား ဘုံအကျိုးစီးပွားရှိကြောင်း ပြသတဲ့ သံတမန်ရေးဆိုင်ရာ အချက်ပြမှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

မြန်မာအာကာသအေဂျင်စီကို ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရုရှားတင်မကဘဲ တရုတ်နိုင်ငံနဲ့လည်း အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနေပါတယ်။ မင်းအောင်လှိုင်က ဇွန်လအတွင်း တရုတ်နိုင်ငံခရီးစဉ်မှာ Aerospace City ကို သွားရောက်လေ့လာခဲ့သလို အနာဂတ်မှာ အသေးစားဂြိုဟ်တု လွှတ်တင်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးနေတယ်လို့ ဆိုထားပါတယ်။

Related News

Most Read