၂၀၂၁ ခုနှစ် မေလအတွင်း စစ်လက်နက်ပွဲစား ထွန်းမင်းလတ်က သူ့ရဲ့ ထိုင်းစီးပွားရေးမိတ်ဖက်တဦးဆီကို ထူးခြားတဲ့ ကမ်းလှမ်းချက်တခု ပေးပို့ခဲ့ပါတယ်။
ကမ်းလှမ်းချက်ကတော့ ဈေးကွက်ပေါက်ဈေးထက် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ပေးထားတဲ့ ရွှေကီလိုရာနဲ့ချီကို ရောင်းချဖို့ ဖြစ်ပါတယ်။
ပထမအသုတ်အဖြစ် ရွှေ ၅၀၀ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်ရှိတဲ့ အရောင်းအဝယ်တခုကို ငွေသားနဲ့ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ရွှေအချို့ဟာ ဘန်ကောက်မှာ ရောင်းချဖို့ အသင့်ရှိနေပြီး နောက်ထပ်လည်း ပုံမှန်ရောင်းချနိုင်မယ်လို့ ထွန်းမင်းလတ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီအရောင်းအဝယ်ကို အထူးလျှို့ဝှက်ထားဖို့ လိုအပ်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီး လအနည်းငယ်အကြာမှာ ပေါ်ပေါက်လာခဲ့တဲ့ အဲဒီအစီအစဉ်ဟာ သာမန်ရွှေအရောင်းအဝယ်တခု မဟုတ်ခဲ့ပါဘူး။
ထိုင်း၊ လာအိုနဲ့ ဟောင်ကောင်တို့ကို ချိတ်ဆက်ပြီး ရွှေ ၈၀၀ ကီလိုဂရမ်အထိ ရောင်းချဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံဖြတ်ကျော်စီးပွားရေးအစီအစဉ်တခုဖြစ်သလို စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေ ပါဝင်နေတဲ့ ကွန်ရက်တခုလည်း ဖြစ်တယ်လို့ Justice For Myanmar က ဖော်ထုတ်ထားပါတယ်။
Justice For Myanmar က ရရှိထားတဲ့ စာချုပ်မူကြမ်းတွေ၊ ဝယ်ယူလိုကြောင်း ဖော်ပြထားတဲ့ စာလွှာတွေ၊ သီးသန့်ဆက်သွယ်ပြောဆိုထားတဲ့ စာတိုမှတ်တမ်းတွေအရ ဒီရွှေရောင်းချမှုကို မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်က ကြိုးကိုင်ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။
စာတိုမှတ်တမ်းတွေထဲမှာ သူမကို “သမီးတော်” လို့ ရည်ညွှန်းထားသလို မိသားစုနဲ့ ရင်းနှီးသူတွေ ခေါ်လေ့ရှိတဲ့ “မီးငယ်” ဆိုတဲ့ အိမ်နာမည်နဲ့လည်း ရည်ညွှန်းထားတယ်လို့ Justice For Myanmar က ဖော်ပြပါတယ်။
ဒီစီမံချက်မှာ ထွန်းမင်းလတ်နဲ့ အဲဒီအချိန်က ထိုင်းလွှတ်တော်အမတ်ဖြစ်သူ ဥပကစ် ပါချာရီယန်ကွန်းတို့က ကြားခံညှိနှိုင်းသူတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။
ဥပကစ်ဟာ ထွန်းမင်းလတ်ရဲ့ ထိုင်းနိုင်ငံသား စီးပွားရေးမိတ်ဖက်တဦးဖြစ်ပြီး လာအိုအခြေစိုက် AIF Group ရဲ့ လက်အောက်ခံ အဖိုးတန်သတ္တုရောင်းဝယ်ရေးကုမ္ပဏီကို ဝယ်ယူသူအဖြစ် ချိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။
ငွေပေးချေမှုကိုတော့ AIF Group နဲ့ လာအိုနိုင်ငံပိုင် လျှပ်စစ်လုပ်ငန်းတို့ ပူးတွဲပိုင်ဆိုင်တဲ့ BIC Bank Lao ကနေ ဆောင်ရွက်ဖို့ စီစဉ်ထားခဲ့ပါတယ်။
အပြီးသတ်ရောင်းချသူအဖြစ် ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ BFA (Thailand) Co. Ltd. ကို အသုံးပြုဖို့ စီစဉ်ထားပြီး ဒီကုမ္ပဏီက အရောင်းအဝယ်စာရွက်စာတမ်းတွေအပေါ် တရားဝင်ရောင်းချသူအဖြစ် ရပ်တည်ပေးဖို့ ဖြစ်ပါတယ်။
ဒီလိုဖွဲ့စည်းထားတာကြောင့် ရွှေရဲ့ မူလပိုင်ရှင်နဲ့ အမှန်တကယ်ရောင်းချသူတွေကို ဖုံးကွယ်နိုင်သလို လာအိုဘက်က ဝယ်ယူသူအတွက်လည်း တရားဝင်ကုန်သွယ်ရေးစာရွက်စာတမ်းတွေ ရရှိလာနိုင်တယ်လို့ Justice For Myanmar က သုံးသပ်ပါတယ်။
“မီးငယ်” နဲ့ ထွန်းမင်းလတ်
ခင်သီရိသက်မွန်နဲ့ ထွန်းမင်းလတ်တို့ဟာ ရွှေရောင်းဝယ်ရေးအစီအစဉ် မပေါ်ပေါက်ခင်ကတည်းက စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေးအရ နီးစပ်မှုရှိခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံမှာ Star Thiri Investment Co. Ltd. ကို ပူးတွဲတည်ထောင်ခဲ့ကြပြီး ဒီကုမ္ပဏီကို သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် မှတ်ပုံတင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Royal Mawtaung Mining Co. Ltd. လို့ အမည်ပြောင်းခဲ့ပါတယ်။
ထွန်းမင်းလတ်ဟာ ခင်သီရိသက်မွန်နဲ့ မင်းအောင်လှိုင်ရဲ့ အခြားမိသားစုဝင်တွေအတွက် နိုင်ငံတကာဘဏ်ကိစ္စတွေ၊ အိမ်ခြံမြေနဲ့ ပိုင်ဆိုင်မှုဝယ်ယူတာတွေ၊ နိုင်ငံခြားခရီးစဉ်တွေမှာ ကူညီဆောင်ရွက်ပေးခဲ့သူတဦးလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှု စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းတရားရုံးက သူ့ကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က သူ့ရဲ့ ဘန်ကောက်တိုက်ခန်းကို ဝင်ရောက်ရှာဖွေစဉ် ခင်သီရိသက်မွန်ရဲ့ ဘဏ်စာအုပ်နဲ့ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံပိုင် ဇိမ်ခံကွန်ဒိုခန်းရဲ့ ပိုင်ဆိုင်မှုစာချုပ်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ခင်သီရိသက်မွန်ဟာ ရွှေရောင်းဝယ်ရေးဆွေးနွေးမှုတွေ ပေါ်ပေါက်မလာခင် ၂၀၂၁ ခုနှစ် မတ်လကတည်းက အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသူဖြစ်ပါတယ်။
သူမနဲ့အတူ အောင်ပြည့်စုံနဲ့ သူတို့နှစ်ဦးပိုင် စီးပွားရေးလုပ်ငန်းတချို့ကိုပါ ဒဏ်ခတ်ပိတ်ဆို့ခဲ့ပေမယ့် အဲဒီအချိန်က Star Thiri Investment ကို လူသိရှင်ကြား မသိရှိသေးတာကြောင့် ဒဏ်ခတ်ပိတ်ဆို့စာရင်းထဲ မပါဝင်ခဲ့ပါဘူး။
ကီလို ၈၀၀ ကနေ ၂၀၀ အထိ လျှော့ချခဲ့ရတဲ့ အရောင်းအဝယ်
အစီအစဉ်ရဲ့ ကနဦးအဆင့်မှာ တနှစ်ကို ရွှေ ၈၀၀ ကီလိုဂရမ် ရောင်းချဖို့ ကမ်းလှမ်းခဲ့ပါတယ်။
နောက်ပိုင်း AIF နဲ့ ပြင်ဆင်ချုပ်ဆိုဖို့ ပြင်ဆင်ထားတဲ့ စာချုပ်မူကြမ်းမှာ ရွှေပမာဏကို ၄၀၀ ကီလိုဂရမ်အထိ လျှော့ချခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လကုန်ပိုင်းမှာတော့ ၂၀၀ ကီလိုဂရမ်အထိ ထပ်မံလျှော့ချခဲ့ပါတယ်။
ရွှေ ၈၀၀ ကီလိုဂရမ်ဟာ အဲဒီနှစ် မြန်မာနိုင်ငံရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ နှစ်စဉ်ရွှေထုတ်လုပ်မှု ပမာဏထက်တောင် ပိုများတယ်လို့ Justice For Myanmar က ဆိုပါတယ်။
အရောင်းအဝယ်တန်ဖိုးကလည်း ရွှေ ၂၀၀ ကီလိုဂရမ်အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရှိပြီး ရွှေ ၈၀၀ ကီလိုဂရမ်ဆိုရင် ဒေါ်လာ ၄၈ သန်းကျော်အထိ ရှိနိုင်ပါတယ်။
စာချုပ်မူကြမ်းတွေအရ ရောင်းချမယ့်ရွှေတွေဟာ အနည်းဆုံး ၉၉.၉၅ ရာခိုင်နှုန်း သန့်စင်ရမှာဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးအမှတ်အသား ပါရှိရမှာဖြစ်ပါတယ်။
ရွှေတွေကို Brink’s သို့မဟုတ် G4S လို လုံခြုံရေးနဲ့ အဖိုးတန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေ အသုံးပြုပြီး ဘန်ကောက်မှာရှိတဲ့ ဝယ်ယူသူရဲ့ နေရာအရောက် ပို့ဆောင်ဖို့ သတ်မှတ်ထားခဲ့ပါတယ်။
ဒါပေမဲ့ ဝယ်ယူသူဘက်က ရွှေရဲ့ အရည်အသွေးအထောက်အထားနဲ့ သန့်စင်စက်ရုံအသိအမှတ်ပြုလက်မှတ်တွေကို တောင်းခံတဲ့အခါ ရောင်းချသူဘက်က စာချုပ်အပြီးသတ် မချုပ်ဆိုရသေးတာကို အကြောင်းပြပြီး ပေးအပ်ဖို့ ငြင်းဆိုခဲ့ပါတယ်။
ဝယ်ယူသူဘက်ကလည်း အဲဒီရွှေတုံးတွေဟာ နိုင်ငံတကာအသိအမှတ်ပြု သန့်စင်စက်ရုံတွေက ထုတ်လုပ်ထားတဲ့ရွှေတွေ မဟုတ်နိုင်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။
အရောင်းအဝယ် အမှန်တကယ်ရှိကြောင်း သက်သေပြဖို့ ရောင်းချသူဘက်က “ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့်” လို့ ဖော်ပြထားတဲ့ ရွှေတုံးဗီဒီယိုတခုနဲ့ ဓာတ်ပုံတပုံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဟောင်ကောင်၊ ဘန်ကောက်နဲ့ လာအိုကြားက အရောင်းလမ်းကြောင်း
အစီအစဉ်ရဲ့ ကနဦးစာရွက်စာတမ်းတချို့မှာ ရွှေတွေကို ဟောင်ကောင်ရှိ Bank of China သို့မဟုတ် HSBC ရဲ့ လုံခြုံတဲ့ သိုလှောင်ခန်းတွေကို ပို့ဆောင်ဖို့ အဆိုပြုထားပါတယ်။
ဧပြီလလို့ ဖိုင်အမည်ပေးထားတဲ့ အင်္ဂလိပ်-တရုတ် နှစ်ဘာသာစာချုပ်တခုမှာတော့ BFA (Thailand) ကို သက်တမ်းကုန်ဆုံးပြီး ပြန်လည်အသုံးပြုနိုင်တဲ့ အဖိုးတန်သတ္တုရောင်းဝယ်ရေး လိုင်စင်ရှိသူအဖြစ် ဖော်ပြထားပါတယ်။
BFA (Thailand) ဟာ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီးနောက် အမည်သုံးကြိမ် ပြောင်းလဲခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ မှတ်ပုံတင်ရည်ရွယ်ချက်တွေထဲမှာ သွင်းကုန်၊ ပို့ကုန်၊ သယ်ယူပို့ဆောင်ရေးနဲ့ အဖိုးတန်သတ္တုရောင်းဝယ်ရေးတို့ ပါဝင်ပါတယ်။
နောက်ပိုင်းမှာ BFA 9999 Co. Ltd. အမည်နဲ့ ဟောင်ကောင်မှာလည်း ရုံးခွဲဖွင့်လှစ်ခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုပုံစံ အကြိမ်ကြိမ်ပြောင်းလဲခဲ့ပေမယ့် ထိုင်းနိုင်ငံသား Phanid Phookaew ဟာ တည်ထောင်ချိန်ကတည်းက ဆက်လက်ပါဝင်ခဲ့ပြီး ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာနဲ့ စာချုပ်တွေမှာ တရားဝင်လက်မှတ်ရေးထိုးခွင့်ရှိသူအဖြစ် ဖော်ပြခံထားရပါတယ်။
ဆွေးနွေးမှုတွေအတွင်း BFA (Thailand) က အရောင်းတန်ဖိုးရဲ့ ၆ ရာခိုင်နှုန်းကို ကော်မရှင်ခအဖြစ် တောင်းခံခဲ့ပြီး ထွန်းမင်းလတ်နဲ့ ဥပကစ်တို့အတွက် ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းဝန်းကျင် ကျန်ရှိနိုင်မယ့်ပုံစံ ဖြစ်ပါတယ်။
Justice For Myanmar ကတော့ BFA (Thailand)၊ Phanid Phookaew၊ HSBC နဲ့ Bank of China (Hong Kong) တို့ဆီကို မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
AIF Group နဲ့ BIC Bank တို့ကလည်း မေးမြန်းမှုတွေကို တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။
ဘယ်သူက အာမခံငွေ အရင်ပေးမလဲ
အရောင်းအဝယ်ဟာ စာချုပ်ချုပ်ဆိုနိုင်တဲ့အဆင့်နီးပါး ရောက်ရှိခဲ့ပေမယ့် နောက်ဆုံးမှာ ငွေကြေးအာမခံချက်ကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။
AIF ဘက်က ရောင်းချသူဟာ အရောင်းတန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကို အာမခံငွေအဖြစ် အရင်အပ်နှံရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှ ဝယ်ယူသူဘက်က ၃ ရာခိုင်နှုန်း အာမခံငွေ ပေးမယ်လို့ အဆိုပြုခဲ့ပါတယ်။
ရောင်းချသူဘက်ကတော့ ဝယ်ယူသူက ဦးစွာအာမခံချက်ပေးရမယ်လို့ တောင်းဆိုခဲ့ပြီး သူတို့ဘက်က ၂ ရာခိုင်နှုန်းသာ ပြန်လည်အာမခံပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
နှစ်ဖက်စလုံးက ဦးစွာအာမခံငွေပေးဖို့ မလိုလားတာကြောင့် သဘောတူညီချက် မရရှိခဲ့ပါဘူး။
စာချုပ်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နောက်ဆုံးထား လက်မှတ်ရေးထိုးပြီး ဇူလိုင်လအစောပိုင်းမှာ အရောင်းအဝယ် အပြီးသတ်ဖို့ ရည်မှန်းထားခဲ့ပေမယ့် ငွေကြေးအာမခံချက်နဲ့ လုပ်ငန်းစဉ်တွေအပေါ် သဘောမတူနိုင်တာကြောင့် အစီအစဉ်ပျက်ပြယ်သွားခဲ့ပါတယ်။
စာရွက်စာတမ်းတွေထဲမှာ အရင်က ရွှေ ၂၀၀ ကီလိုဂရမ် ရောင်းချခဲ့ပြီးပြီလို့ ရည်ညွှန်းထားပေမယ့် အမှန်တကယ် ရွှေလွှဲပြောင်းရောင်းချမှု ရှိခဲ့သလားဆိုတာကိုတော့ Justice For Myanmar က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကနဦးစာချုပ်တွေမှာ ရွှေတွေကို ဟောင်ကောင်ကတဆင့် ရောင်းချဖို့ ထည့်သွင်းထားတာကြောင့် အဲဒီလမ်းကြောင်းကနေ ရွှေအချို့ကို ရောင်းချနိုင်ခဲ့သလားဆိုတာလည်း ရှင်းလင်းမှု မရှိသေးပါဘူး။
မအောင်မြင်ခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ မေးခွန်းများ
ဒီရွှေရောင်းဝယ်ရေးအစီအစဉ် အမှန်တကယ်မပြီးမြောက်ခဲ့တာဟာ အန္တရာယ်မရှိခဲ့ဘူးလို့ မဆိုနိုင်ပါဘူး။
အရောင်းအဝယ်က စာချုပ်ချုပ်ဆိုဖို့ နီးစပ်တဲ့အဆင့်အထိ ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံက ကုမ္ပဏီ၊ လာအိုနိုင်ငံက စီးပွားရေးလုပ်ငန်းစုနဲ့ ဘဏ်၊ ဟောင်ကောင်က ဘဏ်နဲ့ သိုလှောင်ရေးလမ်းကြောင်းတွေ ပါဝင်လာတဲ့အထိ ကျယ်ပြန့်ခဲ့ပါတယ်။
ဒါဟာ စစ်အုပ်စုနဲ့ နီးစပ်တဲ့သူတွေဟာ နိုင်ငံတကာကုန်သွယ်ရေးစနစ်၊ ဘဏ်လုပ်ငန်းနဲ့ ကြားခံကုမ္ပဏီတွေကို အသုံးပြုပြီး ရွှေလို တန်ဖိုးမြင့်သယံဇာတတွေကို ရောင်းချဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့ အန္တရာယ်ကို ဖော်ပြနေတယ်လို့ Justice For Myanmar က သတိပေးပါတယ်။
ရွှေရဲ့ မူလပိုင်ရှင်ဘယ်သူလဲ၊ ဘယ်သတ္တုတွင်းက ထွက်လာတာလဲ၊ ရောင်းချငွေကို ဘယ်သူရရှိမှာလဲ၊ ဒီရွှေတွေဟာ နိုင်ငံပိုင်ပစ္စည်းတွေလားဆိုတဲ့ အဓိကမေးခွန်းတွေကိုတော့ အဲဒီစာရွက်စာတမ်းတွေက ရှင်းလင်းစွာ မဖော်ပြထားပါဘူး။
သို့သော် ရွှေကီလို ၈၀၀ ပမာဏဟာ မြန်မာနိုင်ငံရဲ့ တရားဝင်နှစ်စဉ်ထုတ်လုပ်မှုပမာဏထက် ပိုများနေတယ်ဆိုတဲ့ အချက်က ရွှေရဲ့ မူလဇာစ်မြစ်နဲ့ တရားဝင်မှုအပေါ် ပိုမိုမေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။
Justice For Myanmar ကတော့ ဒီအစီအစဉ်ကို စစ်အုပ်စုနဲ့ မင်းအောင်လှိုင်ရဲ့ အတွင်းလူယုံတွေ ပါဝင်တဲ့ နိုင်ငံဖြတ်ကျော် ရွှေမှောင်ခိုရောင်းချမှုနဲ့ ငွေကြေးခဝါချမှုအန္တရာယ်ကို ပြသတဲ့ ဖြစ်စဉ်တခုအဖြစ် သတ်မှတ်ထားပါတယ်။
အဖွဲ့က ထိုင်း၊ လာအိုနဲ့ ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ ဒီရွှေရောင်းဝယ်ရေးအစီအစဉ်ကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ ဩစတြေးလျတို့အနေနဲ့ စစ်အုပ်စု၊ မိသားစုဝင်တွေ၊ ခရိုနီတွေနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးကွန်ရက်တွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးပေါ်တိုးချဲ့ဖို့လည်း တောင်းဆိုထားပါတယ်။
စစ်အုပ်စုဟာ ရွှေ၊ ကျောက်မျက်၊ သတ္တု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လို သယံဇာတရင်းမြစ်တွေက ရရှိတဲ့ ဝင်ငွေကို စစ်ဆင်ရေးတွေအတွက် အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆက်တိုက်သတိပေးထားပါတယ်။
အဲဒီသယံဇာတတွေက ထွက်ပေါ်လာတဲ့ ငွေကြေးတွေ ဘယ်လမ်းကြောင်းကတဆင့် လည်ပတ်နေသလဲဆိုတာဟာ မြန်မာ့အရေးမှာ လက်နက်နဲ့ စစ်ရေးကိစ္စတွေလောက် အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်လာပါတယ်။
မအောင်မြင်ခဲ့တဲ့ ရွှေကီလို ၈၀၀ ရောင်းချရေးအစီအစဉ်ကတော့ စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ကွန်ရက်တွေဟာ နိုင်ငံတကာနယ်စပ်တွေ၊ ကုမ္ပဏီတွေနဲ့ ဘဏ်စနစ်တွေကို ဖြတ်ကျော်ပြီး ငွေကြေးလမ်းကြောင်းအသစ်တွေ ရှာဖွေနိုင်ဖို့ ဘယ်လောက်အထိ ကြိုးပမ်းခဲ့ကြသလဲဆိုတာကို ထင်ရှားစေတဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။


