Homeပြည်တွင်းသတင်းမင်းအောင်လှိုင် ရုရှားခရီးစဉ်မှာ ပထမဆုံး မြန်မာအာကာသယာဉ်မှူး လေ့ကျင့်ရေးအစီအစဉ် လည်းပါဝင်နေ

မင်းအောင်လှိုင် ရုရှားခရီးစဉ်မှာ ပထမဆုံး မြန်မာအာကာသယာဉ်မှူး လေ့ကျင့်ရေးအစီအစဉ် လည်းပါဝင်နေ

ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar

စစ်အုပ်စုခေါင်းဆောင်ကနေ သမ္မတရာထူး ရယူထားတဲ့ မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံ တရားဝင်ခရီးစဉ်မှာ မြန်မာအာကာသအေဂျင်စီဒေါက်တာ စိုးမြင့်မောင် လည်း လိုက်ပါသွားပြီး နှစ်နိုင်ငံအကြား အာကာသနည်းပညာနဲ့ ဂြိုဟ်တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်လာနိုင်တဲ့ အခြေအနေရှိနေပါတယ်။

မင်းအောင်လှိုင်ဟာ ဩဂုတ် ၁၇ ရက်က ရုရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ထွက်ခွာသွားတာဖြစ်ပြီး ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတရာထူး ရယူပြီးနောက် ရုရှားကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ်လည်း ပါဝင်မှာဖြစ်ပြီး တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ မြန်မာအာကာသအေဂျင်စီ အကြီးအကဲတို့လည်း ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါသွားတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ရုရှားတို့ကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကတော့ အခုခရီးစဉ်မတိုင်ခင်ကတည်းက စတင်ထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရုရှားအာကာသအေဂျင်စီ Roscosmos အကြီးအကဲ ဒီမီထရီ ဘာကာနော့ဗ် မြန်မာနိုင်ငံကို လာရောက်ခဲ့ချိန် မြန်မာဘက်တာဝန်ရှိသူတွေနဲ့ လူလိုက်ပါအာကာသခရီးစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီသဘောတူညီချက်အရ ရုရှားဘက်က မြန်မာနိုင်ငံရဲ့ ပထမဆုံးအာကာသယာဉ်မှူးကို ရွေးချယ်ပြီး လေ့ကျင့်ပေးဖို့ ကူညီမှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရုရှားရဲ့ GLONASS ဂြိုဟ်တုလမ်းညွှန်စနစ်အတွက် ဒေတာစုဆောင်းရေးစခန်းတစ်ခု တပ်ဆင်ဖို့နဲ့ ကမ္ဘာအနီးက အန္တရာယ်ရှိနိုင်တဲ့ အာကာသအရာဝတ္ထုတွေကို စောင့်ကြည့်သတိပေးနိုင်မယ့် စနစ်အတွက် နေရာပေးဖို့လည်း နှစ်နိုင်ငံ သဘောတူထားပါတယ်။

ဒါကြောင့် အခုရုရှားခရီးစဉ်မှာ မြန်မာအာကာသအေဂျင်စီ အကြီးအကဲပါ လိုက်ပါလာတာဟာ ဂြိုဟ်တုနည်းပညာ၊ အာကာသစောင့်ကြည့်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးအာကာသယာဉ်မှူး လေ့ကျင့်ရေးအစီအစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ ဆက်စပ်နိုင်ပါတယ်။

ဒါပေမဲ့ အခုခရီးစဉ်အတွင်း အာကာသပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောတူညီချက်အသစ်တွေ ဆွေးနွေးမယ်ဆိုတာကိုတော့ လောလောဆယ် တရားဝင်အသေးစိတ် မထုတ်ပြန်သေးပါဘူး။

ရုရှားနဲ့ မြန်မာကြား ဆက်ဆံရေးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုနီးကပ်လာပြီး စစ်ရေး၊ စွမ်းအင်၊ နျူကလီးယားနည်းပညာနဲ့ ရင်းနှီးမြှုပ်နှံရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာပါတယ်။ ရုရှားက မြန်မာစစ်တပ်ကို စစ်ရေးလေ့ကျင့်ပေးတာ၊ တက္ကသိုလ်ပညာသင်ဆုတွေ ပေးတာနဲ့ လက်နက်ရောင်းချတာတွေ ဆက်လုပ်နေသလို နှစ်နိုင်ငံက အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ သဘောတူညီချက်တွေလည်း ရှိထားပါတယ်။

Related News

Most Read