ဩဂုတ် ၁၆၊ ၂၀၂၆ | New Day Myanmar
မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးကို နယ်ပယ်အားလုံးမှာ ဆက်လက်တိုးချဲ့သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့က ကိုရီးယားလွတ်မြောက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာအပြန်အလှန်ပေးပို့ရာမှာ အတည်ပြုပြောဆိုလိုက်ပါတယ်။
ပူတင်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ လက်နက်ချခဲ့တဲ့ ၈၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကင်ဂျုံအွန်ဆီ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ဆိုဗီယက်တပ်ဖွဲ့ဝင်တွေ ဂျပန်ကို တိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းကနေ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာလာခဲ့တာဖြစ်သလို အနာဂတ်မှာလည်း နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှု ဆက်တိုးမယ်လို့ ပြောထားပါတယ်။
ကင်ဂျုံအွန်ကလည်း နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ “တရားမျှတမှုအတွက် အတူတကွ ရုန်းကန်ခဲ့တဲ့ သမိုင်းနဲ့ တန်ဖိုးရှိတဲ့ မိတ်ဆွေမှုအစဉ်အလာ” ကို ဆက်လက်သယ်ဆောင်သွားမယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးဟာ ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားဘက်က ရုရှားကို စစ်သားတွေနဲ့ လက်နက်တွေ ပို့ပေးကူညီခဲ့ပြီးနောက် ပိုမိုနီးကပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေက ကိုရီးယားစစ်ပွဲပြီးနောက် မြောက်ကိုရီးယားအနေနဲ့ ပြည်ပစစ်ပွဲတစ်ခုမှာ အကြီးမားဆုံး တိုက်ရိုက်ပါဝင်မှုဖြစ်တယ်လို့ Reuters က ဖော်ပြပါတယ်။
ဒါ့အပြင် ကိုရီးယားလွတ်မြောက်ရေးနေ့နဲ့ ဆက်စပ်ပြီး ရုရှားရေတပ်သင်္ဘော Pallada ဟာ ဩဂုတ် ၁၅ ရက်မှာ မြောက်ကိုရီးယားနိုင်ငံ ဝန်ဆန်ဆိပ်ကမ်းကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရုရှားသံရုံးဝန်ထမ်းတွေက သင်္ဘောကို ကြိုဆိုခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။
တစ်ချိန်တည်းမှာ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင် ကလည်း လွတ်မြောက်ရေးနေ့ အခမ်းအနားမှာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းခဲ့ပါတယ်။ ကိုရီးယားနှစ်နိုင်ငံအကြား ပဋိပက္ခ မဖြစ်ပွားအောင် ကာကွယ်ရေးစနစ်တွေ တည်ဆောက်ပြီး လက်ရှိအပစ်ရပ်အခြေအနေကို ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးစနစ် အဖြစ် ပြောင်းလဲဖို့ လိုတယ်လို့ လီဂျယ်မြောင်က ပြောပါတယ်။
၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေးစာချုပ်နဲ့ အဆုံးသတ်ခဲ့တာ မဟုတ်ဘဲ အပစ်ရပ်စာချုပ်နဲ့သာ ရပ်တန့်ထားတာဖြစ်ပါတယ်။ တောင်ကိုရီးယားဘက်က နှစ်နိုင်ငံကြား တရားဝင်စစ်ပွဲအဆုံးသတ်ရေးနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်နိုင်ရေး ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
မြောက်ကိုရီးယားဘက်ကတော့ တောင်ကိုရီးယားရဲ့ ဆွေးနွေးရေးကမ်းလှမ်းချက်တွေကို ပယ်ချထားပြီး အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရန်စတဲ့ လုပ်ရပ်တွေအဖြစ် ဝေဖန်ထားပါတယ်။

