Homeပြည်တွင်းသတင်းမြဝတီရှိ ငွေလိမ်ဂိုဏ်းမှ ရုရှားအမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့

မြဝတီရှိ ငွေလိမ်ဂိုဏ်းမှ ရုရှားအမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့

၉ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Center) တစ်ခုကနေ ရုရှားအမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ရန်ကုန်မြို့ရှိ ရုရှားသံရုံးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဆိုပါ ရုရှားနိုင်ငံသူကို ဇွန်လ ၆ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ယခုနှစ် ဧပြီလအတွင်း ပြည်ပမှာ အလုပ်အကိုင်ရမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် ထိုင်းနိုင်ငံကနေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ရုရှားသံရုံးက ပြောပါတယ်။

အဲဒီနောက် ကရင်ပြည်နယ် မြဝတီဒေသကို ခေါ်ဆောင်သွားခံရပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်ကာ ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံသူဟာ မိမိကိုယ်တိုင် ရုရှားသံရုံးကို ဆက်သွယ်ပြီး လွတ်မြောက်ရေးအတွက် အကူအညီတောင်းခံနိုင်ခဲ့ကာ ရုရှားသံရုံး၊ ဗီယက်နမ်နိုင်ငံရှိ ရုရှားပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ်နဲ့ မြန်မာရဲတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ အမျိုးသမီးကို ပြည်နှင်ဒဏ်ပေးရေးစခန်းတစ်ခုမှာ ထားရှိပြီး ရုရှားအာဏာပိုင်တွေနဲ့ ဆက်သွယ်လျက်ရှိကာ ရုရှားနိုင်ငံကို ပြန်လည်ပို့ဆောင်ရေးကို ထိုင်းနိုင်ငံမှတစ်ဆင့် စီစဉ်ဆောင်ရွက်သွားမယ်လို့ သံရုံးက အသိပေးထားပါတယ်။

အင်ဒိုချိုင်းနားဒေသအတွင်း အလုပ်အကိုင်ရှာဖွေနေတဲ့ ရုရှားနိုင်ငံသားတွေအနေနဲ့ အထူးသတိထားကြဖို့လည်း ရုရှားသံတမန်တွေက တိုက်တွန်းထားပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်ဖို့ အလုပ်ဗီဇာရှိခြင်းဟာ မဖြစ်မနေ လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ဘက်က ဗီဇာရရှိရေးအတွက် ကူညီပေးမယ်လို့ ပြောဆိုတာဟာ ယုံကြည်စိတ်ချရမှုကို အာမခံပေးနိုင်ခြင်း မရှိပါဘူး” လို့ ရုရှားသံရုံးက ထုတ်ပြန်ထားပါတယ်။

ယခင်ကလည်း Telegram Channel တစ်ခုကတစ်ဆင့် လှည့်ဖြားခေါ်ဆောင်ခံရပြီး မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းတစ်ခုထံ ရောက်ရှိသွားခဲ့တဲ့ ရုရှားနိုင်ငံသူတစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ရုရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး