Homeပြည်တွင်းသတင်းမြဝတီမြို့ ဂေါက်ကွင်းရေကန်အတွင်း ရေဆင်းကူးရာက ရေနစ်ပျောက်ဆုံးခဲ့သည့် လူငယ်ရဲ့ ရုပ်အလောင်း ပြန်လည်တွေ့ရှိ

မြဝတီမြို့ ဂေါက်ကွင်းရေကန်အတွင်း ရေဆင်းကူးရာက ရေနစ်ပျောက်ဆုံးခဲ့သည့် လူငယ်ရဲ့ ရုပ်အလောင်း ပြန်လည်တွေ့ရှိ

၁၂ ဇွန် ၂၀၂၆ | New Day Myanmar

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဂေါက်ကွင်းဝင်းအတွင်းရှိ ရေကန်တစ်ခုထဲ ရေဆင်းကူးရာက ရေနစ်ပျောက်ဆုံးသွားခဲ့တဲ့ လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဇွန် ၁၂ ရက် နေ့လယ်ပိုင်းမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ်ဟာ ဇွန် ၁၁ ရက်က မြဝတီမြို့ ဂေါက်ကွင်းဝင်းအတွင်းရှိ ရေကန်ထဲ ရေဆင်းကူးရာက ရေနစ်မြုပ်ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်အပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပရဟိတအသင်းတွေ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် ဇွန် ၁၂ ရက် နေ့လယ် ၁၁ နာရီ ၂၀ မိနစ်ခန့်မှာ အဆိုပါ လူငယ်ရဲ့ ရုပ်အလောင်းကို ရေကန်အတွင်းကနေ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“သေဆုံးသူက အသက် ၁၈ နှစ်ပါ။ အမှတ် ၄ ရပ်ကွက်ကပါပဲ။ ရေနစ်တဲ့ ရေကန်ကလည်း အမှတ် ၄ ရပ်ကွက်ထဲမှာပဲ ရှိပါတယ်” လို့ ဒေသခံပရဟိတအဖွဲ့ တာဝန်ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ရုပ်အလောင်းကို ရေထဲကနေ ဆယ်ယူပြီး မြဝတီပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လဟာ မိုးရာသီအစဖြစ်တာကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မြေအောက်ရေစီးကြောင်း ပြောင်းလဲတာ၊ ရေကန်တွေမှာ ရေမျက်နှာပြင် ရုတ်တရက် မြင့်တက်လာတာနဲ့ ကန်ဘောင်တွေ ချောကျိလာတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် ရေကန်၊ ချောင်းနဲ့ မြစ်တွေအနီး သွားလာသူတွေအနေနဲ့ ခြေချော်ကျနိုင်တဲ့ အန္တရာယ်တွေကို အထူးဂရုပြုကြဖို့နဲ့ ရေဆင်းကူးရာမှာလည်း ဘေးကင်းလုံခြုံရေးကို အထူးသတိထားကြဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – Hla Tun

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး