၁၂ ဇွန် ၂၀၂၆ | New Day Myanmar
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာ စစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင်ဟာ ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မှာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်အရ အဆိုပါခရီးစဉ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တရားဝင်ဖိတ်ကြားခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံမှာ ငါးရက်ကြာ နေထိုင်ကာ နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။
ဒီခရီးစဉ်ဟာ မင်းအောင်လှိုင်အတွက် သမ္မတရာထူးနဲ့ ပထမဆုံး တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဖြစ်လာမှာဖြစ်ပြီး မြန်မာ-တရုတ် ဆက်ဆံရေးအတွက် အရေးပါတဲ့ ခရီးစဉ်တစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။
လက်ရှိမှာ ခရီးစဉ်အတွင်း ဆွေးနွေးမယ့် အသေးစိတ်အစီအစဉ်တွေကို နှစ်နိုင်ငံဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် မြန်မာ့အရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေ အဓိကပါဝင်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။


