Homeပြည်တွင်းသတင်းစစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ မင်းအောင်လှိုင်ပြော

စစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ မင်းအောင်လှိုင်ပြော

၃၁ ဇူလိုင် ၂၀၂၆ | New Day Myanmar

စစ်တပ်ကျင်းပခဲ့တဲ့ အငြင်းပွားဖွယ်ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်တွေကို စစ်တပ်ထဲ သွတ်သွင်းနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။

ဇူလိုင် ၃၁ ရက်က ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့မှာ ပြောကြားခဲ့တဲ့ အစိုးရရက် ၁၀၀ ပြည့် မိန့်ခွန်းအတွင်း မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ အရ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူအားလုံးပါဝင်ရေးအတွက် တပ်မတော်ရဲ့ဦးဆောင်မှုနဲ့ “ပြည်သူ့စစ်မဟာဗျူဟာ” ကို ဖော်ဆောင်ရမယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ကို တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ ခေတ်မီစစ်တပ်အဖြစ် တည်ဆောက်မှာဖြစ်ပြီး လိုအပ်တဲ့ အရင်းအမြစ်တွေရရှိဖို့ အစိုးရက မူဝါဒချမှတ်ကာ ဆက်လက်ဖြည့်ဆည်းပေးမယ်လို့လည်း ပြောပါတယ်။

စစ်အုပ်စုဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေနဲ့ စစ်သားအင်အားပြတ်လပ်မှုတွေ ကြုံတွေ့လာချိန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာပါ။ လက်ရှိမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၆ အထိ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်ယူနိုင်ပါတယ်။ ပညာရှင်အဖြစ် သတ်မှတ်ခံရသူတွေကို အသက်ကန့်သတ်ချက် ပိုမိုတိုးမြှင့်ထားပြီး စစ်မှုထမ်းကာလကိုလည်း အရေးပေါ်အခြေအနေမှာ ငါးနှစ်အထိ တိုးမြှင့်နိုင်ပါတယ်။

စစ်အုပ်စုက ဥပဒေနဲ့အညီ စစ်မှုထမ်းခေါ်ယူတာလို့ ပြောဆိုနေပေမယ့် နိုင်ငံတဝန်းမှာ လူငယ်တွေကို နေအိမ်နဲ့ လမ်းပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ စစ်မှုထမ်းစာရင်းမဲနှိုက်ခြင်း၊ အစားထိုးလူပေးခိုင်းခြင်းနဲ့ ငွေကြေးတောင်းခံခြင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မှတ်တမ်းတင်ထားပါတယ်။

Human Rights Watch ကလည်း စစ်မှုထမ်းခေါ်ယူမှုတွေအတွင်း အသက်မပြည့်သေးတဲ့ ကလေးတွေပါ ဖမ်းဆီးစုဆောင်းခံနေရပြီး စစ်အုပ်စုတပ်တွေက အချို့ကို ရှေ့တန်းစစ်မြေပြင်တွေဆီ ပို့ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၆ အထိ လူတသိန်းကျော် ခေါ်ယူခံထားရနိုင်ပြီး အများစုဟာ ဆန္ဒအလျောက်ဝင်ရောက်သူတွေမဟုတ်ဘဲ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုနဲ့ အဓမ္မခေါ်ယူခံရသူတွေဖြစ်တယ်လို့ စစ်မှုထမ်းခေါ်ယူမှု စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Related News

Most Read