Homeပြည်တွင်းသတင်းမင်းအောင်လှိုင်ခရီးစဉ်အတွင်း လူသားချင်းစာနာမှု မူတွေကို ထိုင်းအစိုးရ လိုက်နာဖို့ Asylum Access တိုက်တွန်း

မင်းအောင်လှိုင်ခရီးစဉ်အတွင်း လူသားချင်းစာနာမှု မူတွေကို ထိုင်းအစိုးရ လိုက်နာဖို့ Asylum Access တိုက်တွန်း

ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်မယ့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးမူတွေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ပါ ကတိကဝတ်တွေနဲ့ ကိုက်ညီဖို့ ထိုင်းအစိုးရကို Asylum Access (AA) က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ကျော်လာတဲ့အထိ လက်နက်ကိုင်ပဋိပက္ခတွေ၊ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူသန်းနဲ့ချီ နေရပ်စွန့်ခွာနေရတယ်လို့ AA က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာသူအများအပြားဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ လုံခြုံရေးရှာဖွေနေရပြီး သူတို့အတွက် အကာအကွယ်ရရှိရေးဟာ အသက်ရှင်ရေးနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဆီယံအဖွဲ့က မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖော်ဆောင်ရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှုအကူအညီ ပေးပို့ရေးနဲ့ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။

အကောင်အထည်ဖော်မှု တိုးတက်ချက် နည်းပါးနေသေးပေမယ့် ဒီဘုံသဘောတူညီချက်ဟာ မြန်မာ့အရေးကို တုံ့ပြန်ရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပူးတွဲသဘောတူထားတဲ့ အဓိကလမ်းပြမြေပုံအဖြစ် ဆက်ရှိနေတယ်လို့ AA က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုကို အရပ်သားပြည်သူတွေ ကာကွယ်ရေး၊ လူသားချင်းစာနာမှုအကူအညီ ပိုမိုရရှိရေးနဲ့ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အသုံးချဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာအာဏာပိုင်တွေနဲ့ ပြုလုပ်မယ့် ဆွေးနွေးမှုတွေကြောင့် ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ လက်နက်ကိုင်ပဋိပက္ခကနေ ထွက်ပြေးလာသူတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေ ထိခိုက်မှုမရှိစေဖို့ ထိုင်းအစိုးရက အာမခံရမယ်လို့ AA က ဆိုပါတယ်။

အဲဒီလူတွေကို နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အပေးအယူလုပ်စရာအဖြစ် အသုံးမချသင့်ဘူးလို့လည်း သတိပေးထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူတစ်ဦးကို ဖိနှိပ်မှု၊ အကြမ်းဖက်မှု ဒါမှမဟုတ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့နိုင်တဲ့ နေရာဆီ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်းမပြုရဆိုတဲ့ မပြန်ပို့ရေးမူကို ဆက်လက်လိုက်နာပြီး အန္တရာယ်ရှိတဲ့ အခြေအနေဆီ ဘယ်သူ့ကိုမှ ပြန်မပို့ဖို့ Asylum Access က တောင်းဆိုထားပါတယ်။

Related News

Most Read