Homeပြည်တွင်းသတင်းမြန်မာ့ပထမဆုံးအာကာသယာဉ်မှူးတွေ ရွေးချယ်မယ်လို့ မင်းအောင်လှိုင် ပြော

မြန်မာ့ပထမဆုံးအာကာသယာဉ်မှူးတွေ ရွေးချယ်မယ်လို့ မင်းအောင်လှိုင် ပြော

၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံရဲ့ ပထမဆုံးအာကာသယာဉ်မှူးတွေကို ရွေးချယ်သွားမယ်လို့ မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရ သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။

ဇူလိုင် ၂၇ ရက်က ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီမှာ ပြုလုပ်ခဲ့တဲ့ နေပြည်တော်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အတွင်း ပြီးစီးခဲ့တဲ့ နည်းပညာလုပ်ငန်းတွေအပ်နှံခြင်းနဲ့ လက်တွေ့သရုပ်ပြပွဲအပြီး ပဏာမရွေးချယ်ထားတဲ့ အာကာသယာဉ်မှူးလောင်းတွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာပါ။

ပဏာမရွေးချယ်ထားသူတွေကို ဆက်လက်စိစစ်ပြီး နောက်ဆုံးမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးအာကာသယာဉ်မှူးတွေကို ရွေးချယ်သွားမယ်လို့ ပြောပေမယ့် လက်ရှိရွေးချယ်ထားသူအရေအတွက်၊ နောက်ဆုံးရွေးချယ်မယ့်ဦးရေ၊ စီမံကိန်းဘတ်ဂျက်နဲ့ အကောင်အထည်ဖော်မယ့်အချိန်ဇယားတို့ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မြန်မာအာကာသအေဂျင်စီကို မင်းအောင်လှိုင်ရဲ့ တိုက်ရိုက်ကြီးကြပ်မှုအောက်မှာ ၂၀၂၅ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ရုရှားနဲ့ တရုတ်နိုင်ငံတို့နဲ့ အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံပိုင်အာကာသအေဂျင်စီ Roscosmos က မြန်မာနိုင်ငံရဲ့ ပထမဆုံးအာကာသယာဉ်မှူးကို ရွေးချယ်လေ့ကျင့်ပေးဖို့ ကူညီမယ်လို့ ဖေဖော်ဝါရီလအတွင်း ကြေညာခဲ့ပါတယ်။ လူလိုက်ပါစီးနင်းနိုင်တဲ့ အာကာသခရီးစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကိုလည်း နှစ်ဖက်လက်မှတ်ရေးထိုးထားပါတယ်။

ဒါ့အပြင် ရုရှားရဲ့ GLONASS ဂြိုဟ်တုလမ်းညွှန်စနစ်အတွက် အချက်အလက်စုဆောင်းရေးစခန်းနဲ့ ကမ္ဘာအနီးရှိ အန္တရာယ်ရှိ အာကာသအရာဝတ္ထုတွေ စောင့်ကြည့်ရေးစခန်းတို့ကို မြန်မာနိုင်ငံမှာထားရှိဖို့လည်း လုပ်ဆောင်နေတယ်လို့ သတင်းစာတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှု၊ နည်းပညာအခြေခံအဆောက်အအုံ အားနည်းမှုနဲ့ စီးပွားရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ မင်းအောင်လှိုင်က ခုလို လုပ်ဆောင်နေတာဖြစ်ပါတယ်။

Related News

Most Read