ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်တို့ ဒီနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ ဘန်ကောက်မြို့၊ ထိုင်းအစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ပြီး အလုပ်သမားရေးရာ၊ နယ်စပ်ဖြတ်ကျော်မြစ်တွေရဲ့ ရေအရည်အသွေးစီမံခန့်ခွဲရေးနဲ့ အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာတမ်းတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေရှေ့မှာ ပူးပေါင်းဆောင်ရွက်ရေးစာတမ်း ၃ စောင်ကို အပြန်အလှန်လဲလှယ်ခဲ့ပြီး အဲဒီထဲမှာ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနဲ့ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရေးဆိုင်ရာ သဘောတူညီချက်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ထိုင်း–မြန်မာ နယ်နိမိတ်တစ်လျှောက်ရှိ နယ်စပ်မြစ်တွေနဲ့ နှစ်နိုင်ငံကြား စီးဆင်းနေတဲ့ မြစ်တွေရဲ့ ရေအရည်အသွေးစီမံခန့်ခွဲရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ လုပ်ငန်းဆောင်ရွက်မှု စည်းမျဉ်းသတ်မှတ်ချက် (Terms of Reference—TOR) ကိုလည်း အတည်ပြုခဲ့ပါတယ်။
အဲဒီစာတမ်းဟာ အပြီးသတ်ရေအရည်အသွေး သဘောတူစာချုပ်တစ်ရပ် မဟုတ်သေးဘဲ နယ်စပ်ဖြတ်ကျော်မြစ်ရေညစ်ညမ်းမှုကို ပူးတွဲစောင့်ကြည့်စစ်ဆေးရေးနဲ့ စီမံခန့်ခွဲရေးအတွက် လုပ်ငန်းအဖွဲ့တစ်ခု ဆောင်ရွက်နိုင်ဖို့ သတ်မှတ်ထားတဲ့ မူဘောင်ဖြစ်ပါတယ်။
ထိုင်းမြောက်ပိုင်းက ကို့ခ်၊ စိုင်း၊ ရွက်နဲ့ မဲခေါင်မြစ်တွေမှာ အာဆင်းနစ်၊ ခဲ၊ ကက်ဒမီယမ်နဲ့ တခြားသတ္တုအဆိပ်ဓာတ်တွေ တွေ့ရှိထားပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းက စည်းကမ်းမဲ့သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်နိုင်တယ်လို့ ထိုင်းသဘာဝပတ်ဝန်းကျင်အဖွဲ့တွေနဲ့ လေ့လာသူတွေက ထောက်ပြထားပါတယ်။
သတ္တုတူးဖော်ရာနေရာတချို့ဟာ ‘ဝ’ တပ်ဖွဲ့နဲ့ မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာရှိနေတာကြောင့် နေပြည်တော်က အမှန်တကယ် ဝင်ရောက်စစ်ဆေးတာ၊ သတ္တုတွင်းလုပ်ငန်းတွေ ရပ်တန့်ခိုင်းတာနဲ့ ညစ်ညမ်းမှုအရင်းအမြစ်ကို ထိန်းချုပ်တာတွေ လုပ်ဆောင်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာရှိနေပါတယ်။ အဲဒီအခြေအနေကြောင့် အခုသဘောတူညီချက်ရဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မှုအပေါ် ထိုင်းမြောက်ပိုင်း သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတွေက စောင့်ကြည့်နေကြပါတယ်။
နောက်ထပ်နားလည်မှုစာချွန်လွှာတစ်ခုကိုတော့ ထိုင်းနိုင်ငံရဲ့ ပထဝီသတင်းအချက်အလက်နဲ့ အာကာသနည်းပညာဖွံ့ဖြိုးရေးအေဂျင်စီ (GISTDA) နဲ့ မြန်မာအာကာသအေဂျင်စီတို့ကြား လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေးနည်းပညာကို ငြိမ်းချမ်းစွာအသုံးချနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
အလုပ်သမားခန့်ထားရေးဆိုင်ရာ သဘောတူညီချက်မှာတော့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို နှစ်နိုင်ငံ MOU စနစ်နဲ့ သွားရောက်အလုပ်လုပ်မယ့် အလုပ်သမားတွေအတွက် ခေါ်ယူမှု၊ အလုပ်ခန့်ထားမှုနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းအသစ်တွေ ပါဝင်လာနိုင်ပါတယ်။
ဒါပေမဲ့ အလုပ်သမားတွေ ပေးဆောင်ရမယ့် ကုန်ကျစရိတ်၊ စာချုပ်သက်တမ်း၊ အလုပ်ပြောင်းရွှေ့ခွင့်၊ စာရွက်စာတမ်းနဲ့ ပွဲစားခထိန်းချုပ်ရေးဆိုင်ရာ အသေးစိတ်သတ်မှတ်ချက်တွေကိုတော့ ထိုင်းအစိုးရရဲ့ ကနဦးထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိသေးပါဘူး။
နှစ်နိုင်ငံဆွေးနွေးပွဲအတွင်း နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ရေး၊ နယ်စပ်ကုန်သွယ်မှု ပြန်လည်မြှင့်တင်ရေးနဲ့ မဲဆောက်–မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားက ကုန်စည်သယ်ယူပို့ဆောင်မှု အဆင်ပြေစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

