Homeပြည်တွင်းသတင်းနေပြည်တော်သမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ရောက်ရှိ

နေပြည်တော်သမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ရောက်ရှိ

ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်ရဲ့ ဖိတ်ကြားချက်နဲ့ နေပြည်တော်သမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ပါတယ်။

ခရီးစဉ်မှာ စစ်အုပ်စု နေပြည်တော်ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုးနဲ့ ဦးထွန်းအုံတို့အပြင် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်တွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တခြားတာဝန်ရှိသူတွေ လိုက်ပါလာတယ်လို့ သိရပါတယ်။

နေပြည်တော်သမ္မတ မင်းအောင်လှိုင် ဩဂုတ် ၆ ရက်နဲ့ ၇ ရက် နှစ်ရက်ကြာခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်လုံခြုံရေးနဲ့ အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌတို့ကို တွေ့ဆုံပြီး ထိုင်း–မြန်မာ စီးပွားရေးဖိုရမ် ဖွင့်ပွဲကို တက်ရောက်ဖို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်ဟာ မင်းအောင်လှိုင်က စစ်တပ်ထိန်းချုပ်ကျင်းပခဲ့တဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲနောက်ပိုင်း သမ္မတရာထူးရယူခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက လွတ်လပ်မျှတမှုမရှိတဲ့ ရွေးကောက်ပွဲအဖြစ် ပယ်ချထားပါတယ်။

ထိုင်းအစိုးရကတော့ မြန်မာနဲ့ ချိန်ညှိထိတွေ့ဆက်ဆံရေး မူဝါဒအရ နယ်စပ်ပြဿနာ၊ မူးယစ်ဆေးဝါး၊ ဆိုက်ဘာငွေလိမ်မှုနဲ့ စီးပွားရေးကိစ္စတွေကို ဖြေရှင်းဖို့ မင်းအောင်လှိုင်နဲ့ ဆွေးနွေးရတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ထိုင်းနိုင်ငံရေးသမားတချို့ကတော့ ဒီခရီးစဉ်ဟာ စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်နိုင်တယ်လို့ ဝေဖန်ထားကြပါတယ်။

Related News

Most Read