၂၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
နေပြည်တော်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်မယ့်ခရီးစဉ်အတွင်း ကော့မြစ်မှာ အဆိပ်သင့်ဓာတုပစ္စည်းတွေ ပါဝင်ညစ်ညမ်းနေတဲ့ပြဿနာကို အဓိကထား ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရကူလ်က ပြောပါတယ်။
မင်းအောင်လှိုင်ဟာ သြဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ထိုင်းနိုင်ငံကို တရားဝင်လာရောက်ဖို့ရှိပြီး ဝန်ကြီးချုပ်အနုတင်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်းကက်ကယောက်က ပြောပါတယ်။
ကော့မြစ်ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး မြန်မာဘက်က လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရရှိဖို့ တိုက်တွန်းမှာဖြစ်သလို ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့လည်း တောင်းဆိုမယ်လို့ အနုတင်က ဇူလိုင် ၂၂ ရက်မှာ ပြောပါတယ်။
“ဒီကိစ္စကို မြန်မာသမ္မတနဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ ပြဿနာဖြေရှင်းရေးအတွက် မြန်မာဘက်က အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုမှာပါ” လို့ အနုတင်က ဆိုပါတယ်။
ကော့မြစ်ဟာ ရှမ်းပြည်နယ်ကနေ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နဲ့ ချင်းရိုင်ပြည်နယ်တွေဆီ စီးဝင်ပြီး မဲခေါင်မြစ်ထဲကို ဆက်လက်စီးဝင်တာဖြစ်ပါတယ်။ မြန်မာဘက် မြစ်အထက်ပိုင်းမှာ လုပ်ကိုင်နေတဲ့ ရွှေနဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြစ်ရေညစ်ညမ်းလာတာဖြစ်နိုင်တယ်လို့ လေ့လာသူတွေနဲ့ ထိုင်းတာဝန်ရှိသူတွေက သံသယရှိနေပါတယ်။
မြစ်ရေနမူနာတွေကို စမ်းသပ်ရာမှာ အာဆင်းနစ်အပါအဝင် အဆိပ်သင့်သတ္တုဓာတ်တွေနဲ့ ဒိုင်စပရိုဆီယမ်၊ တာဘီယမ်တို့လို အလေးစားမြေရှားသတ္တုဓာတ်တွေ တွေ့ရှိခဲ့တယ်လို့ ထိုင်းအစိုးရ သုတေသနအဖွဲ့ရဲ့ စစ်ဆေးချက်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီညစ်ညမ်းမှုကြောင့် ထိုင်းအာဏာပိုင်တွေက ဒေသခံတွေကို ကော့မြစ်ရေ အသုံးမပြုဖို့ သတိပေးထားပြီး မြစ်ရေကို စိုက်ပျိုးရေးနဲ့ နေ့စဉ်ဘဝအတွက် မှီခိုနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် အစားထိုးရေအရင်းအမြစ်တွေ ရှာဖွေပေးနေရပါတယ်။
ထိုင်းအစိုးရဟာ ကော့မြစ်ပြဿနာအပြင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူ၊ စိုက်ပျိုးမြေမီးရှို့မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ကူးသန်းရောင်းဝယ်မှု၊ နယ်စပ်ပတ်ဝန်းကျင်နဲ့ လုံခြုံရေးပြဿနာတွေကိုလည်း မင်းအောင်လှိုင်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးဟာ မင်းအောင်လှိုင်ရဲ့ခရီးစဉ်မတိုင်ခင် ထိုင်းနိုင်ငံရဲ့ စိုးရိမ်ချက်တွေနဲ့ပတ်သက်ပြီး အနုတင်ဆီက ကြိုတင်ရှင်းလင်းချက်ရယူထားတယ်လို့လည်း Thai PBS က ဖော်ပြပါတယ်။


