Homeအထူးသတင်းအီရန်ရဲ့ နျူကလီးယားစီမံကိန်းနေရာကို မကြာခင် အပြင်းအထန်တိုက်ခိုက်မယ်လို့ ထရမ့် ခြိမ်းခြောက်

အီရန်ရဲ့ နျူကလီးယားစီမံကိန်းနေရာကို မကြာခင် အပြင်းအထန်တိုက်ခိုက်မယ်လို့ ထရမ့် ခြိမ်းခြောက်

၂၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ဆက်နွှယ်နေတယ်လို့ ယူဆထားတဲ့ ပစ်ကက်စ်တောင် (Pickaxe Mountain) မြေအောက်စက်ရုံကို အမေရိကန်က မကြာခင် အပြင်းအထန်တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။

“အဲဒီနေရာကို မကြာခင် အပြင်းအထန်တိုက်ခိုက်မှာပါ” လို့ ထရမ့်က ဇူလိုင် ၂၁ ရက်မှာ အိမ်ဖြူတော်၌ သတင်းထောက်တွေကို ပြောပါတယ်။ နျူကလီးယားလုပ်ငန်း ပြန်လည်တည်ဆောက်ဖို့ အီရန်က စဉ်းစားနေတဲ့ နေရာတိုင်းကို အင်အားပြင်းပြင်းနဲ့ တိုက်ခိုက်မယ်လို့လည်း သူက ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ဌာနချုပ်ကတော့ အီရန်ရဲ့ နျူကလီးယား ဒါမှမဟုတ် တခြားအရေးကြီးတဲ့နေရာတွေကို အမေရိကန်က တိုက်ခိုက်လာရင် ဒေသတွင်းစစ်ပွဲတိုးချဲ့မှုအဖြစ် သတ်မှတ်မယ်လို့ တုံ့ပြန်ပါတယ်။ အဲဒီလိုဖြစ်လာရင် ဒေသတွင်းက အမေရိကန်နဲ့ အမေရိကန်ကို ထောက်ခံတဲ့ မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေဟာ တရားဝင်ပစ်မှတ်တွေ ဖြစ်လာမယ်လို့လည်း သတိပေးထားပါတယ်။

အီရန်က ယူရေနီယမ်သန့်စင်ရာမှာ အသုံးပြုတဲ့ ဗဟိုခွာစက်တွေကို ပစ်ကက်စ်တောင်ဆီ ရွှေ့ပြောင်းထားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အိမ်ဖြူတော်မှာ သတင်းထောက်တွေက မေးမြန်းရာမှာ “အဲဒီလိုရွှေ့ထားတယ်ဆိုတာ ကျွန်တော်တို့ဆီမှာ မှတ်တမ်းမရှိပါဘူး” လို့ ထရမ့်က ဖြေပါတယ်။

ဒါပေမဲ့ ဗဟိုခွာစက်တွေ ရွှေ့ပြောင်းထားရင်တောင် နျူကလီးယားပစ္စည်းမရှိဘဲ အသုံးမဝင်ကြောင်းနဲ့ အမေရိကန်က အဲဒီနျူကလီးယားပစ္စည်းတွေကို စောင့်ကြည့်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အီရန်ဘက်ကတော့ ပစ်ကက်စ်တောင်မှာ နျူကလီးယားလုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ ပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက အဲဒီနေရာမှာ နျူကလီးယားလုပ်ငန်းမရှိဘဲ အမေရိကန်က တိုက်ခိုက်ဖို့ အကြောင်းပြချက်အဖြစ် ဖန်တီးပြောဆိုနေတာလို့ ဇူလိုင် ၂၂ ရက်မှာ တုံ့ပြန်ပါတယ်။

ပစ်ကက်စ်တောင်ဟာ တီဟီရန်မြို့တောင်ဘက် ၂၂၀ ကီလိုမီတာခန့်နဲ့ နာတန်ဇ် ယူရေနီယမ်သန့်စင်စက်ရုံကနေ နှစ်ကီလိုမီတာခန့်အကွာမှာ တည်ရှိပါတယ်။ မြေအောက်အနက် မီတာ ၁၀၀ ခန့်မှာ တည်ဆောက်ထားတယ်လို့ ယူဆရတဲ့ လိုဏ်ခေါင်းတွေပါဝင်ပြီး အမေရိကန်ရဲ့ အင်အားအပြင်းဆုံး မြေအောက်ခံတပ်ဖျက်ဗုံးတွေနဲ့ပင် ဖျက်ဆီးဖို့ခက်ခဲနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

အမေရိကန်အခြေစိုက် သိပ္ပံနဲ့ နိုင်ငံတကာလုံခြုံရေးအင်စတီကျု (ISIS) က လေ့လာထားတဲ့ ဂြိုဟ်တုပုံရိပ်တွေအရ အဲဒီစက်ရုံဟာ လည်ပတ်နိုင်တဲ့အဆင့် မရောက်သေးပေမဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

တဖက်မှာလည်း အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် အမေရိကန်ရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံအထိ ရှိလာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က ဇူလိုင် ၂၁ ရက်မှာ အထက်လွှတ်တော်ကို ပြောပါတယ်။ အဲဒီကိန်းဂဏန်းထဲမှာ စက်တင်ဘာ ၃၀ ရက်အထိ ခန့်မှန်းကုန်ကျမယ့် စရိတ်တချို့လည်း ပါဝင်ပါတယ်။

Related News

Most Read