၁၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် အီရန်ကို ပစ်ခတ်ဖို့ ဒုံးကျည် ၁,၀၀၀ ကို အသင့်ပြင်ထားပြီး နောက်ထပ် ဒုံးကျည်ထောင်ပေါင်းများစွာလည်း ဆက်လက်ပစ်ခတ်သွားမယ်လို့ ပြင်းထန်တဲ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ထရမ့်ရဲ့ ပြောကြားချက်ဟာ အမေရိကန်နဲ့ အီရန်ကြား ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ နားလည်မှုစာချွန်လွှာ (MoU) အကောင်အထည်ဖော်ရေး မရေမရာဖြစ်နေချိန် ထွက်ပေါ်လာတာဖြစ်ပြီး ဒေသတွင်းတင်းမာမှုတွေကို ထပ်မံမြင့်တက်စေခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာ့ချ်ချီ (Abbas Araghchi) ကတော့ အမေရိကန်အစိုးရဟာ ယာယီသဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိဘဲ နှစ်ဖက်သဘောတူထားတဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်နေကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နားလည်မှုစာချွန်လွှာ (MoU) အရ အမေရိကန်ဘက်က ကတိကဝတ်တစ်စုံတစ်ရာ ချိုးဖောက်လာရင် အပြန်အလှန် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။
တစ်ဖက်မှာတော့ အမေရိကန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို အီရန်ဘက်က ပစ်ခတ်တိုက်ခိုက်မှာ မဟုတ်ကြောင်း လူသိရှင်ကြား ကြေညာချက်တစ်ရပ် ထုတ်ပြန်ပေးဖို့ တိုက်တွန်းနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းရေးအဖွဲ့တွေဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်လမ်းကြောင်းပေါ် ရောက်ရှိစေဖို့ တီဟီရန်မြို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး၊ အိုမန်နိုင်ငံမှာလည်း ဇူလိုင် ၁၂ ရက်မှာ သီးခြားဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။


