Homeအထူးသတင်းပင်လယ်နီတိုက်ခိုက်မှုကြောင့် ရေနံဈေး ဒေါ်လာ ၁၀၀ ကျော်၊ အီရန်နဲ့ ဟူသီကို အကြီးအကျယ်တိုက်ခိုက်မယ်လို့ ထရမ့်ခြိမ်းခြောက်

ပင်လယ်နီတိုက်ခိုက်မှုကြောင့် ရေနံဈေး ဒေါ်လာ ၁၀၀ ကျော်၊ အီရန်နဲ့ ဟူသီကို အကြီးအကျယ်တိုက်ခိုက်မယ်လို့ ထရမ့်ခြိမ်းခြောက်

၂၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီမှာ ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နဲ့ ဟူသီတွေကို “အကြီးအကျယ် စစ်ရေးအရအပြစ်ပေးမယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

“ဒီလိုထပ်လုပ်ရင် ဟူသီတွေဟာ အီရန်ရဲ့ ကိုယ်စားတိုက်ခိုက်ပေးနေတဲ့အဖွဲ့ဖြစ်တာကြောင့် အီရန်မှာ တာဝန်ရှိတယ်လို့ အမေရိကန်က သတ်မှတ်ပြီး အီရန်နဲ့ ဟူသီနှစ်ဖွဲ့စလုံးကို အကြီးအကျယ် စစ်ရေးအရအပြစ်ပေးမယ်” လို့ ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အီရန်အပေါ် အကြီးစားစစ်ဆင်ရေးတွေ ပြန်လည်စတင်ဖို့ စဉ်းစားနေပြီး ဆုံးဖြတ်ချက်ချဖို့ နီးကပ်နေပြီလို့လည်း ထရမ့်က Axios သတင်းဌာနကို ပြောပါတယ်။ အီရန်အနေနဲ့ “နာကျင်မှုလုံလောက်အောင် မခံစားရသေးဘူး” လို့လည်း သူက ဆိုပါတယ်။

ဟူသီအဖွဲ့က Encelia နဲ့ Layla အမည်ရှိ ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ Encelia သင်္ဘောဟာ ယီမင်နိုင်ငံမြောက်ဘက် ဆော်ဒီနိုင်ငံ ဂျီဇန်ဆိပ်ကမ်းအနီးမှာ ဒုံးကျည်ထိမှန်ပြီး သင်္ဘောဦးပိုင်း မီးလောင်ခဲ့တယ်လို့ ဆော်ဒီအစိုးရသတင်းဌာနက ဖော်ပြပါတယ်။

Layla သင်္ဘော တိုက်ခိုက်ခံရမှုကိုတော့ Reuters က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ယီမင်မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျကို ရေကြောင်းပိတ်ဆို့ထားကြောင်း ကြေညာထားပါတယ်။ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားချိန်မှာ ဟူသီတွေက ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားတဲ့ ဘာဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားကိုပါ ပိတ်နိုင်တဲ့အန္တရာယ် ထပ်မံပေါ်ပေါက်လာတာပါ။

တိုက်ခိုက်မှုအပြီး ပင်လယ်နီတောင်ပိုင်းကို ဖြတ်သန်းတဲ့ သင်္ဘောတွေအတွက် အာမခံကြေးဟာ အချို့ကုမ္ပဏီတွေမှာ နှစ်ဆမြင့်တက်ခဲ့သလို ရေနံတင်သင်္ဘောအချို့ကလည်း လမ်းကြောင်းပြောင်းလဲမောင်းနှင်နေကြပါတယ်။

အရှေ့အလယ်ပိုင်းက အဓိကရေကြောင်းလမ်းနှစ်ခုလုံး ပိတ်ဆို့ခံရနိုင်တဲ့ စိုးရိမ်မှုကြောင့် Brent ရေနံစိမ်းဈေးဟာ ၆ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး ၂၀၂၆ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးအကြိမ် တစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ရောက်ရှိလာပါတယ်။

အီရန်နဲ့ ယီမင်အတွင်းက Reuters သတင်းရင်းမြစ်တွေအရ ဟူသီအဖွဲ့ ရေကြောင်းပိတ်ဆို့မှု မကြေညာခင် ရက်ပိုင်းမှာ အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတွေ၊ စစ်ရေးအကြံပေးတွေနဲ့ ဒုံးကျည်၊ ဒရုန်းဆိုင်ရာပစ္စည်းတွေကို ယီမင်နိုင်ငံဆီ လေကြောင်းကနေ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဟူသီအဖွဲ့ကတော့ အဲဒီသတင်းကို ငြင်းဆိုထားပါတယ်။

ကုန်တင်သင်္ဘောတွေ ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးကို အမေရိကန်က ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ငွေကြေးတွေကနေ ပေးချေခိုင်းမယ်လို့ ထရမ့်က ပြောပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီကတော့ တခြားနိုင်ငံပိုင်ငွေကြေးတွေကို သိမ်းယူပြီး အနာဂတ်က မသက်ဆိုင်တဲ့လျော်ကြေးအတွက် အသုံးပြုတာဟာ အန္တရာယ်ရှိတဲ့စံနမူနာတခု ဖြစ်လာမယ်လို့ တုံ့ပြန်သတိပေးပါတယ်။

အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံကို ၁၃ ညဆက်တိုက် လေကြောင်းတိုက်ခိုက်ထားပြီး အီရန်ကလည်း ဂျော်ဒန်နဲ့ ကူဝိတ်နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာနေရာတွေကို တန်ပြန်တိုက်ခိုက်ထားပါတယ်။

Related News

Most Read