Homeပြည်တွင်းသတင်းထိုင်းမှာ ၁၃ နှစ်သမီးကို အိမ်တိုင်မှာချည်ပြီး ရေနွေးပူလောင်းခဲ့တဲ့ မြန်မာမိခင် အရေးယူခံရဖွယ်ရှိ

ထိုင်းမှာ ၁၃ နှစ်သမီးကို အိမ်တိုင်မှာချည်ပြီး ရေနွေးပူလောင်းခဲ့တဲ့ မြန်မာမိခင် အရေးယူခံရဖွယ်ရှိ

၂၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို အိမ်တိုင်မှာချည်နှောင်ပြီး ရေနွေးပူနဲ့လောင်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် မြန်မာမိခင်တဦးကို ဥပဒေအရ အရေးယူနိုင်ဖို့ ထိုင်းအာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပါတယ်။

ကန်ချနဘူရီခရိုင်၊ သောင်ဖာဖွမ်မြို့နယ်၊ လင်သင်ဒေသ၊ ဘန်ဖူသောင်ရွာက နေအိမ်တလုံးမှာ မိန်းကလေးတဦး ရေနွေးပူလောင်ဒဏ်ရာရရှိပြီး အကြမ်းဖက်ခံနေရတယ်ဆိုတဲ့ သတင်းပေးချက်ကို ဒေသအုပ်ချုပ်ရေးမှူးက ရရှိခဲ့တာပါ။

အုပ်ချုပ်ရေးမှူးရဲ့ အကူအညီတောင်းခံချက်အရ ကယ်ဆယ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေဲ့က ဇူလိုင် ၂၃ ရက်မှာ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ မိန်းကလေးရဲ့ လည်ပင်းကနေ ကျောပြင်အထိ ကျယ်ပြန့်တဲ့ ရေနွေးပူလောင်ဒဏ်ရာတွေ တွေ့ရှိခဲ့ပါတယ်။

ထိုင်း Channel 7 ရဲ့ နောက်ဆက်တွဲသတင်းမှာ မိခင်ဖြစ်သူဟာ အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသမီးဖြစ်ပြီး သမီးကို အိမ်တိုင်မှာချည်နှောင်ကာ ရေနွေးပူနဲ့လောင်းခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဟာ အာဏာပိုင်တွေ မရောက်မီ နှစ်ရက်ခန့်ကတည်းက ဖြစ်ပွားခဲ့ပေမယ့် မိခင်က သမီးကို ဆေးရုံပို့မပေးဘဲ နေအိမ်ထဲမှာ ပိတ်လှောင်ထားခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သတင်းပေးသူတဦးရဲ့ အကြောင်းကြားမှုကြောင့်သာ အာဏာပိုင်တွေက ကလေးရဲ့အခြေအနေကို သိ သိရှိခဲ့တာပါ။

မိခင်က အစပိုင်းမှာ သမီးဖြစ်သူက သူ့ကိုယ်သူ ရေနွေးပူလောင်းမိတာလို့ ပြောခဲ့ပြီး မိန်းကလေးကလည်း ဘယ်သူကျူးလွန်ခဲ့တယ်ဆိုတာ ထုတ်ဖော်ပြောဖို့ ကြောက်ရွံ့နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိခင်က သူကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဒေသအုပ်ချုပ်ရေးမှူးဆီမှာလည်း မိခင်က သမီးကို အကြမ်းဖက်နေတဲ့ ရုပ်သံမှတ်တမ်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီမိခင်ဟာ သမီးကို အရင်ကလည်း အကြိမ်ကြိမ်အကြမ်းဖက်ခဲ့ပြီး ကျောင်းတက်နေချိန်မှာ ဦးခေါင်းဒဏ်ရာရအောင် ရိုက်နှက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေက အရင်က အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် အကြမ်းဖက်မှုက ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ မိန်းကလေးကို သောင်ဖာဖွမ်ဆေးရုံမှာ ကုသပေးနေပြီး ထိုင်းလူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဝန်ကြီးဌာနအပြင် ကလေးနဲ့ မိသားစုကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက လုံခြုံရေးနဲ့ ဥပဒေအရ ကာကွယ်ပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။

မိခင်ဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုထားပေမယ့် အသက် ၁၃ နှစ်အရွယ် သမီးရဲ့ နိုင်ငံသားဖြစ်မှုကိုတော့ ထိုင်းသတင်းတွေက သီးခြားဖော်ပြထားခြင်း မရှိသေးပါဘူး။

Related News

Most Read