ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar
မြန်မာ-ထိုင်းနယ်စပ်အနီး မြန်မာဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကနေ ပစ်ခတ်လိုက်တယ်လို့ ယူဆရတဲ့ ၁၂၀ မီလီမီတာ လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်က ပြောင်းခင်းတစ်ခုထဲ ကျရောက်ခဲ့ပြီး ထိုင်းဗုံးရှင်းလင်းရေးအဖွဲ့က ဩဂုတ် ၁၈ ရက်မှာ ဖောက်ခွဲရှင်းလင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လက်နက်ကြီးကျည်ကို တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ မဲတန်ကျေးရွာအုပ်စုက မဲအူဟူကျေးရွာ၊ အမှတ် ၈ ကျေးရွာ အနီး ပြောင်းခင်းတစ်ခုထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး မြန်မာနယ်စပ်နဲ့ ကပ်လျက်တည်ရှိပါတယ်။ ကျည်ဟာ မြေထဲ တစ်ဝက်နီးပါး မြုပ်နေပြီး ပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် ၃၄၄၊ ထာ့ဆောင်ယန်းရဲတပ်ဖွဲ့၊ တာ့ခ်ခရိုင် EOD ဗုံးရှင်းလင်းရေးအဖွဲ့၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ကျေးရွာခေါင်းဆောင်တွေ ပူးပေါင်းပြီး ကျည်ကို စစ်ဆေးကာ နေရာမှာပဲ အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဖြစ်စဉ်ကြောင့် လူသေဆုံး၊ ဒဏ်ရာရတာနဲ့ ပစ္စည်းပျက်စီးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက အဲဒီ ၁၂၀ မီလီမီတာ လက်နက်ကြီးကျည်ဟာ နယ်စပ်တစ်ဖက် မြန်မာနိုင်ငံအတွင်း မြန်မာစစ်တပ်နဲ့ ကရင်တပ်ဖွဲ့ KTLA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကနေ လမ်းလွဲပြီး ထိုင်းဘက်ကို ကျရောက်လာတာ ဖြစ်နိုင်တယ်လို့ ကနဦးခန့်မှန်းထားပါတယ်။
လက်နက်ကြီးကျည်ဟာ ဘယ်ဘက်က ပစ်ခတ်ခဲ့တာလဲဆိုတာကိုတော့ သတင်းမှာ သီးခြားအတည်ပြုထားခြင်း မရှိသေးပါဘူး။

