Homeပြည်တွင်းသတင်းထိုင်းမှာ ဖမ်းထားတဲ့ ကရင် ၂၆ ဦးကို မြန်မာဘက် ပြန်မပို့ဖို့ Human Rights Watch တောင်းဆို

ထိုင်းမှာ ဖမ်းထားတဲ့ ကရင် ၂၆ ဦးကို မြန်မာဘက် ပြန်မပို့ဖို့ Human Rights Watch တောင်းဆို

ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင်၊ ကဲင်ကရာချန်အမျိုးသားဥယျာဉ်အတွင်း နေထိုင်တဲ့ ကရင်လူမျိုး ၂၆ ဦးကို မြန်မာနိုင်ငံဘက် အတင်းအကျပ် ပြန်ပို့မယ့်အစီအစဉ်ကို ချက်ချင်းရပ်တန့်ပြီး လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကနေ ပြန်လွှတ်ပေးဖို့ Human Rights Watch (HRW) က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ထိုင်းအုပ်ချုပ်ရေးအရာရှိတွေ၊ သစ်တောဌာနနဲ့ စစ်တပ်က ဩဂုတ် ၁၀ ရက်မှာ ဖက်ချ်ဘူရီခရိုင်၊ ကဲင်ကရာချန်အမျိုးသားဥယျာဉ်ထဲက ပါဒဲင်ကျေးရွာ က ကရင်အသိုင်းအဝိုင်းကို ဝင်ရောက်စစ်ဆေးပြီး ထိုင်းနိုင်ငံသားဖြစ်ကြောင်း အထောက်အထား မပြနိုင်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့တယ်လို့ HRW က ဆိုပါတယ်။

အဲဒီအချိန်မှာ ကလေး ၈ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၂၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ နောက်ပိုင်း ဒေသခံအာဏာပိုင်တွေက နေထိုင်မှုမှတ်တမ်း အတည်ပြုနိုင်ခဲ့တဲ့ နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂၆ ဦးကိုတော့ ဘန်ကောက်မြို့က ဆွမ်ဖလူး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ကို ပြောင်းရွှေ့ထားကာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ HRW က ဖော်ပြပါတယ်။

HRW အာရှညွှန်ကြားရေးမှူး အီလိန်း ပီယာဆန် က ကရင်ရွာသားတွေကို မြန်မာနိုင်ငံဘက် ပြန်ပို့တာဟာ သူတို့ကို အလွန်ပြင်းထန်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်စေနိုင်တယ်လို့ သတိပေးထားပြီး ထိုင်းအာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးပြန်ပို့တာထက် ကရင်အသိုင်းအဝိုင်းတွေ မိရိုးဖလာပိုင်နက်မှာ အသက်မွေးဝမ်းကျောင်း ဆက်လုပ်နိုင်ဖို့ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မတရားဖမ်းဆီးမှုနဲ့ ဥပဒေမဲ့တိုက်ခိုက်မှုတွေ ကျူးလွန်နေပြီး အဲဒီလုပ်ရပ်တချို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW က ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေချိန် ကရင်ဒေသခံတွေကို ပြန်ပို့တာဟာ သူတို့အတွက် အန္တရာယ်ပိုတိုးစေနိုင်တယ်လို့လည်း ထောက်ပြပါတယ်။

ပါဒဲင်ကျေးရွာက ဒေသခံတွေရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ နှစ်လလောက်က ထိုင်းဘက်ကနေ မြန်မာနိုင်ငံဘက် ပြန်ပို့ခံရတဲ့ ကရင်ရွာသား အနည်းဆုံး ၁၀ ဦးဟာ လက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ HRW က ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒီပြောဆိုချက်ကို ထိုင်းအာဏာပိုင်တွေဘက်က အတည်ပြုထားတယ်လို့ HRW ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

HRW က ကရင် ၂၆ ဦးကို မြန်မာဘက် ပြန်ပို့မယ်ဆိုရင် အန္တရာယ်ရှိတဲ့ နေရာကို အတင်းပြန်မပို့ရဆိုတဲ့ non-refoulement အခြေခံမူ ကို ချိုးဖောက်နိုင်တယ်လို့ ထောက်ပြပါတယ်။ ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု တားဆီးရေးသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံ ဖြစ်သလို ထိုင်းနိုင်ငံရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အတင်းအကျပ်ပျောက်ဆုံးစေမှု တားဆီးရေးဥပဒေမှာလည်း ညှဉ်းပန်းနှိပ်စက်ခံရနိုင်တဲ့ အန္တရာယ်ရှိသူကို ပြန်ပို့ခွင့်မပြုထားဘူးလို့ HRW က ဆိုပါတယ်။

ကရင်လူမျိုးတွေဟာ ထိုင်းနဲ့ မြန်မာနယ်စပ် နှစ်ဖက်စလုံးမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာသူတွေဖြစ်ပြီး ကဲင်ကရာချန်အမျိုးသားဥယျာဉ် မသတ်မှတ်ခင်ကတည်းက ဖက်ချ်ဘူရီနဲ့ ပရာကျွပ်ခီရီခန်ခရိုင် တောတောင်ဒေသတွေမှာ နေထိုင်လာခဲ့ကြတယ်လို့ HRW က ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာ ကရင်လူမျိုး သိန်းနဲ့ချီဟာ တောင်ပေါ်တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတဲ့ ရောင်စုံမှတ်ပုံတင်ကတ်တွေ ကိုင်ဆောင်ထားပေမယ့် တချို့မှာတော့ တရားဝင်အဆင့်အတန်း မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်မှာ ကဲင်ကရာချန်သစ်တောအုပ်စုကို UNESCO က ကမ္ဘာ့အမွေအနှစ်စာရင်း သွင်းခဲ့ပြီးနောက် အမျိုးသားဥယျာဉ်အတွင်း လူနေထိုင်မှုကို ပိုမိုကန့်သတ်လာခဲ့ပါတယ်။ ဒါပေမယ့် ကရင်လူမျိုးတွေရဲ့ မိရိုးဖလာမြေပိုင်ခွင့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေ၊ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ဒေသခံတိုင်းရင်းသားအဖွဲ့တွေက စိုးရိမ်ချက်တွေ ထုတ်ဖော်ထားခဲ့တယ်လို့ HRW က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း ထိုင်းအာဏာပိုင်တွေက ကဲင်ကရာချန်ဒေသက ကရင်ရွာသားတွေကို နေရပ်ကနေ ရွှေ့ပြောင်းဖို့ ဖိအားပေးခဲ့ပြီး ရွာတွေ ဝင်ရောက်စီးနင်းတာ၊ စိုက်ခင်းနဲ့ ပိုင်ဆိုင်မှုတွေ မီးရှို့တာနဲ့ အတင်းအကျပ် ပြောင်းရွှေ့တာတွေ ဖြစ်ခဲ့ဖူးတယ်လို့ HRW က ထောက်ပြပါတယ်။

HRW က ထိုင်းအစိုးရအနေနဲ့ ကရင် ၂၆ ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ မြန်မာဘက် အတင်းပြန်မပို့ဖို့နဲ့ ကရင်လူမျိုးတွေရဲ့ မိရိုးဖလာမြေပိုင်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် လာမယ့် နိုဝင်ဘာလမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ပြန်လည်သုံးသပ်မယ့်အချိန်မတိုင်ခင် ကဲင်ကရာချန်က ကရင်တွေအပေါ် ဆက်ဆံမှုကို ပြောင်းလဲဖို့လည်း တိုက်တွန်းထားပါတယ်။

Related News

Most Read