ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar
မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေး တိုးမြှင့်လာနေတဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ဟာ စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုမှု ပိုမိုရရှိစေပြီး မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ထိုင်းကပါ တာဝန်ရှိလာနိုင်တယ်လို့ ASEAN Parliamentarians for Human Rights (APHR) က ဒီနေ့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
APHR က ဩဂုတ် ၂၀ ရက် ထုတ်ပြန်ချက်မှာ ထိုင်းအစိုးရဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေး ပိုမိုနီးကပ်လာပြီး တရားမဝင် စစ်အစိုးရကို ပုံမှန်အစိုးရတစ်ရပ်လို ဖြစ်လာအောင် လုပ်နေတယ် လို့ သတိပေးထားပါတယ်။
ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ဒီသီတင်းပတ်အတွင်း ဘန်ကောက်မှာ အဆင့်မြင့်စစ်ဘက်ဆွေးနွေးပွဲတွေ တက်ရောက်နေတာကို အဓိကထောက်ပြထားပါတယ်။ ဒီခရီးစဉ်ဟာ ဩဂုတ် ၆ ရက်က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်က လက်ခံတွေ့ဆုံခဲ့ပြီး မကြာခင်မှာ ထပ်မံဖြစ်ပေါ်လာတာလို့ APHR က ဆိုပါတယ်။
APHR ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှားလွှတ်တော်အမတ် Mercy Chriesty Barends က ထိုင်းရဲ့ လုပ်ရပ်ဟာ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်ရာရောက်ပြီး အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကိုပါ ပေါ်ပေါ်တင်တင် လျစ်လျူရှုတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်အုပ်စုအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်မဖော်မချင်း စစ်အုပ်စုခေါင်းဆောင်ပိုင်းကို အထီးကျန်ထားဖို့ သဘောတူထားပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ထိုင်းက စစ်အုပ်စုခေါင်းဆောင်တွေကို တရားဝင်ကြိုဆိုနေတာဖြစ်တယ်လို့ APHR က ထောက်ပြပါတယ်။
ဒါ့အပြင် ထိုင်းအာဏာပိုင်တွေက မြန်မာစစ်အုပ်စုရဲ့ တောင်းဆိုချက်နဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် စတင်အရေးယူနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း APHR က စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ နယ်စပ်မှာ ပစ္စည်းတချို့ သိမ်းဆည်းခဲ့တဲ့ ဖြစ်ရပ်ကို ဥပမာပေးပြီး ထိုင်းက စစ်အုပ်စုရဲ့ စစ်ဆင်ရေးမှာ တက်ကြွတဲ့ မိတ်ဖက်တစ်နိုင်ငံအဖြစ် ပါဝင်လာမယ်ဆိုရင် မြန်မာအရပ်သားတွေ ခံစားနေရတဲ့ ဒုက္ခတွေအတွက် ထိုင်းပါ ပတ်သက်တာဝန်ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
APHR က ထိုင်းအစိုးရကို မြန်မာစစ်အုပ်စုခေါင်းဆောင်ပိုင်းကို တရားဝင်မှုရစေနိုင်တဲ့ ဆက်ဆံမှုအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားတွေအပေါ် စစ်ဆင်ရေးတွေမှာ အထောက်အကူဖြစ်စေနိုင်တဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။
အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ရှိထားတဲ့ ကတိကဝတ်တွေကို လူသိရှင်ကြား ပြန်လည်အတည်ပြုဖို့နဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်အပေါ် တာဝန်ခံစေဖို့ APHR က တောင်းဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်အုပ်စုနဲ့ ဆက်စပ်သူတွေအပေါ် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိပြီး ပိုမိုအားကောင်းစေဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ တိုးတက်မှုမရှိဘဲ စစ်အုပ်စုကို ပုံမှန်အစိုးရတစ်ရပ်လို ဆက်ဆံဖို့ ကြိုးပမ်းမှုတွေကို ပယ်ချဖို့လည်း တိုက်တွန်းထားပါတယ်။
APHR ဟာ အရှေ့တောင်အာရှနိုင်ငံတွေက လက်ရှိနဲ့ ယခင်လွှတ်တော်အမတ်တွေ ပါဝင်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ဒေသတွင်းအဖွဲ့ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

