ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar
အင်ဒိုနီးရှားနိုင်ငံ ရီအောကျွန်းစုရေပြင်မှာ တန်ဇန်းနီးယားအလံလွှင့်တင်ထားတဲ့ သင်္ဘောတစ်စီးကနေ မက်သာဖက်တမင်းအရည် ၂ ဒသမ ၆ တန် ဖမ်းဆီးရမိခဲ့ပြီး သင်္ဘောပေါ်က မြန်မာနိုင်ငံသား သင်္ဘောသား ၁၀ ဦးကို ထိန်းသိမ်းထားတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။
အင်ဒိုနီးရှား အမျိုးသားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (BNN)၊ အကောက်ခွန်ဌာနနဲ့ ရီအောကျွန်းစုရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဩဂုတ် ၁၇ ရက်မှာ သင်္ဘောကို ကြားဖြတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းရေးအရ မူးယစ်ဆေးတွေဟာ မလေးရှားနိုင်ငံ ဆာရာဝပ်ဘက်ကနေ အင်ဒိုနီးရှားရေပြင်ထဲ သယ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ သင်္ဘောဟာ MV Ocean Porter လို့ အမည်တပ်ထားပေမယ့် အရင်က MV Rain Maker ဆိုတဲ့ အမည်နဲ့ လည်ပတ်ခဲ့ဖူးတယ်လို့ အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိထားပါတယ်။ သင်္ဘောကို ရီအောကျွန်းစုက Karimun Customs Base Port ကို ဆွဲခေါ်သွားပြီး K9 ခွေးတွေ၊ scanner တွေနဲ့ မူးယစ်ဆေးစစ်ဆေးကိရိယာတွေ အသုံးပြုပြီး အသေးစိတ်ရှာဖွေခဲ့ပါတယ်။
ရှာဖွေမှုအတွင်း ဒရမ်ပုံး ၈ ပုံးနဲ့ သင်္ဘောရဲ့ ရေတိုင်ကီထဲမှာ မက်သာဖက်တမင်းအရည်လို့ သံသယရှိတဲ့ အရည်တွေ တွေ့ရှိခဲ့ပြီး စုစုပေါင်း အလေးချိန် ၂ ဒသမ ၆ တန် ရှိတယ်လို့ BNN ဘက်က ပြောပါတယ်။
ဒါ့အပြင် သင်္ဘောပေါ်မှာ တရုတ်နိုင်ငံကနေ လာတာလို့ သံသယရှိတဲ့ အခွန်မဆောင်ထားတဲ့ စီးကရက်တွေ ထည့်ထားတဲ့ ပေ ၄၀ ကွန်တိန်နာတစ်လုံး ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီကွန်တိန်နာထဲမှာ စီးကရက် master case ၁၅၇ လုံး ပါဝင်ပြီး မူလရင်းမြစ်နဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်ကို ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာရှိတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေပါတယ်။ ဒါပေမယ့် သူတို့အားလုံး မူးယစ်ဆေးဝါးသယ်ယူမှုမှာ ပါဝင်ပတ်သက်တယ်လို့ အတည်ပြုထားတာ မဟုတ်သေးဘဲ သက်ဆိုင်ရာ BNN၊ အကောက်ခွန်နဲ့ ရဲတပ်ဖွဲ့တို့က နောက်ကွယ်က နိုင်ငံတကာမူးယစ်ဆေးကွန်ရက်ကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

