Homeပြည်တွင်းသတင်းအာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အဓိကမူဘောင်အဖြစ် ဆက်လက်အသုံးပြုဖို့ မြန်မာစစ်အုပ်စုကို အင်ဒိုနီးရှား ဆက်လက် တိုက်တွန်း

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အဓိကမူဘောင်အဖြစ် ဆက်လက်အသုံးပြုဖို့ မြန်မာစစ်အုပ်စုကို အင်ဒိုနီးရှား ဆက်လက် တိုက်တွန်း

၉ ဇွန် ၂၀၂၆ | New Day Myanmar

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို မြန်မာ့အရေး ဖြေရှင်းရာမှာ အဓိကလမ်းညွှန်မူဘောင်အဖြစ် ဆက်လက်အသုံးပြုဖို့ အရေးကြီးကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနို (Sugiono) က စစ်အုပ်စုခေါင်းဆောင် သမ္မတမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုဟာ ဇွန်လ ၈ ရက်နေ့က နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်အုပ်စုခေါင်းဆောင် သမ္မတမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ရာမှာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ထံက ပေးပို့တဲ့ သဝဏ်လွှာကို ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံမှုအတွင်း အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆက်လက်ထောက်ခံသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကာ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်တွေကို အားပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံသားတွေ ဦးဆောင်ပြီး မြန်မာနိုင်ငံသားတွေပိုင်ဆိုင်တဲ့ လုပ်ငန်းစဉ် ဖြစ်ရမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်အသုံးပြုဖို့ လိုအပ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

စစ်အုပ်စုခေါင်းဆောင် သမ္မတမင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့တဲ့အပြင် ဝန်ကြီး ဆူဂီယိုနိုဟာ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းအရေးကိစ္စတွေ၊ စီးပွားရေး၊ ပညာရေးနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံမိသားစုဝင်နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး ငြိမ်းချမ်း၊ တည်ငြိမ်ကာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ခု ဖြစ်ပေါ်လာရေးအတွက် မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ အပြုသဘောဆောင်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ယခုခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အားပေးထောက်ခံဖို့ အာဆီယံရဲ့ ဆက်လက်ထိတွေ့ဆက်ဆံမှု အစီအစဉ်တစ်ရပ်လည်းဖြစ်ပြီး အဲဒီခရီးစဉ်မတိုင်ခင် ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး